မောင်း..မောင်း..မောင်း..မောင်း ရန်ကုန် အမြန်ယာဉ်

ကျွန်တော်လား သူဌေးမဟုတ်ပါဘူး။ ဒီလိုပဲ လှုပ်ရှားရုန်းကန် ဖြတ်သန်းနေဆဲ သာမန်လူ တစ်ယောက်ပါပဲ။ ရန်ကုန်သားတော့ မဟုတ်ပေမယ့် ရန်ကုန်မှာတော့ အနေကြာခဲ့ပြီ ဆိုရမှာပေါ့။ ရန်ကုန်ဆိုတာက မြန်မာနိုင်ငံရဲ့ မြို့တော်ဟောင်းကြီး…။ နယ်မြေဧရိယာ ကျန်ပြန့်ပြီး လူနေထူထပ်တော့ ဘယ်အချိန်ကြည့်ကြည့် စည်ကားနေ တာပါ။

ကျွန်တော်ပြောခဲ့ပြီးပြီလေ… ကြွားတယ်လို့ မထင်ပါနဲ့ ကျွန်တော်သူဌေး မဟုတ်ပါဘူး။ ဒီတော့ ကိုယ်ပိုင်ကား မစီးနိုင်ဘူးပေါ့ဗျာ။ မြို့ထဲလမ်းမပေါ်… ကားရောင်စုံများစွာ တစ်စီးမှ ကိုယ်မပိုင်ပါ။ လိုင်စင်မဲ့ကားတွေ သတ်မှတ် အခွန်ဆောင်ပြီးရင် လိုင်စင်ဝင်နိုင်ပြီ၊ ကာလပေါက်ဈေးရဲ့ ၈၅% ဆိုလား ဆောင်ရတယ်တဲ့။ ပြီးခဲ့တဲ့ကာလက ရန်ကုန်ကားဈေးကွက် အရောင်းအ၀ယ်တွေ မဖြစ်သလောက် အေးသွားတယ်ဆိုပဲ။ အင်းသူများတွေ ပြောတာ၊ ကြားမိတာ၊ ဂျာနယ်တွေမှာ ရေးတာဖတ်ရတာပါ။ ထားပါတော့ . . . ဒီလောက်မွဲတာ လူသိပြီပဲ။ ဆက်ပြီး မကြော်ငြာ တော့ပါဘူး။ ဘာတွေ လေရှည်နေတာလဲ၊ သူဌေးမဟုတ်ဘူး ပြောလိုက်၊ ကားဈေးတွေ ကျတယ် ပြောလိုက်၊ ကိုယ်ပိုင်ကား မစီးနိုင်ဘူးပြောလိုက်၊ ဘာပြောချင်နေတာလဲ။ မင်းစကားနားထောင်ရတာ အမြဲ တိုင်ပတ်တယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ပြောတဲ့စကား ပြန်ကြားယောင်မိသေးရဲ့။ သီးခံပါခင်ဗျာ…။ ၀ါသနာပါလို့ပါ။

ပြောချင်တာက ဒီလိုပါ။ ကိုယ်ပိုင်ကား မစီးနိုင်တော့ public transport လိုင်းကားစီးရတာပေါ့။ ဆက်ပြီး ရှည်လိုက်ဦးမယ်။ ကျွန်တော်စီးခဲ့ဘူးတဲ့ လိုင်းကားသမိုင်း။ ကျွန်တော် ရန်ကုန်စရောက်တော့ လိုင်ကားခ နှစ်ကျပ်ဗျ။ ခရီးတစ်ဖြတ်ကိုပေါ့။ အဲဒီတုန်းက အဆောင်ကနေ ကျောင်းကိုသွားရင် အသွားနှစ်ကျပ် အပြန်နှစ်ကျပ်။ ဟိုး . . . ကလေး ဘ၀ရောက်ဖူးတုန်းကတော့ ဆယ့်ငါးပြားတို့၊ တစ်မတ်တို့ ကြားဘူးသေးတယ်။ အင်း…အဲလိုနဲ့ ရန်ကုန် ရောက်ပြီး နောက်နှစ်မှာပဲ လိုင်းကားခတွေ ငါးကျပ် ဖြစ်သွားတော့ တော်တော် စိတ်ညစ်သွားသေးတယ်။ ညခြောက်နာရီကျော်ရင် ၁၅ိ/- ဆိုတာလည်း ရှိလာတယ်။

အဲဒီမှာ ဈေးကွက်စီးပွားရေးကို ဖေါ်ဆောင်နေတဲ့ ကျွန်တော်တို့ မြို့တော်ကြီးမှာ အထူးဝန်ဆောင်မှုပေးတဲ့ လိုင်းကား တစ်မျိုး ပေါ်လာဖူးတယ်။ Aircon Bus တဲ့။ မြန်တယ်။ အေးတယ်။ သက်တောင့်သက်သာရှိတယ်။ ထိုင်ခုံ ရှိသလောက်သာ လူတင်ပါသည် ဘာညာပေါ့…။ ဟုတ်တယ်ဗျ။ တကယ်ပြောတဲ့ အတိုင်းပါပဲ။ ဈေးနှုန်းကလည်း သာမန်လိုင်းကားထက် ၃ဆ ပိုယူထားတာကိုး။ သူရဲ့အားသာချက်က ဘယ်စီးစီး တစ်ဈေးထဲ ဆိုတော့ ခရီးဝေး သွားသူတွေ အဆင်ပြေတာပေါ့။ ဒီလိုနဲ့ ဒီလိုနဲ့ ဈေးကွက်စီးပွားရေးမှာ စီးပွားရေးတွေ ကောင်းလာတော့ လူတွေလည်း သက်တောင့်သက်သာ ဖြစ်မှုကို ပိုရွေးလာကြတာပေါ့။ တစ်နေကုန် တစ်နေခမ်း မောပမ်းလာချိန် ကားပေါ်မှာ နားရ မနည်းလှဘူးဆိုပြီး နီးနီးဝေးဝေး အဲယားကွန်းလာတော့ လူဦးရေ အကန့်အသတ်နဲ့သာ တင်ဆောင်ပါသည်။ လာသမျှလူထက် ပိုလက်မခံပါဆိုတဲ့ အဲယားကွန်းတွေဟာ အဲဗားမွန်းလာပြီး စံချိန်မမှီတော့တဲ့ ၀န်ဆောင်မှုတွေ ထုံးစံအတိုင်း ပျောက်ကွယ် သွားရပါလေရော။

အဲဒီနောက်တော့ မပြောင်းမလည်း ဆက်ဆွဲနေတဲ့ မထသ လိုင်းကားတွေကြားထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေက ပိုမိုကောင်းမွန်တဲ့ အထူးယာဉ်ကြီးတွေ ၀င်ရောက်ပြေးဆွဲပြီး ၀န်ဆောင်မှုတွေ ပေးပြန်ပါရော။ ပိုကောင်းတဲ့ ၀န်ဆောင်မှုဆိုတော့ သာမာန်ဈေးတော့ ဘယ်ရမလည်း ပေါ့နော်…။ ပိုကောင်းတဲ့ ဈေးနှုန်းပေါ့။ ဘာတွေ ကောင်းတာလည်း … ဟုတ်ကဲ့ ဒီလိုပါ။ လူတိုင်းထိုင်စီးခွင့် ရမယ်တဲ့။ အဲဒါဘာထူးဆန်းလည်း မေးရင် ဟုတ်ကဲ့ . . . ပိုကောင်းတယ်လေ လူတိုင်းထိုင်စီးခွင့် ရမယ်လို့ပြောထားတာ မတွေ့ဘူးလား ပြောရတာပေါ့။ ပြီးတော့ သတ်မှတ် မှတ်တိုင်မှာ ခရီးသည် တင်ချပြီးတာနဲ့ ချက်ချင်း ခရီးဆက်ဦးမှာတဲ့။ (ဟိုတလောကတော့ ကျွန်တော်နဲ့ နယ်ကလာတဲ့ သူငယ်ချင်းတစ်ယောက် အထူးယာဉ်ကြီး စီးသွားတယ်။ တစ်နေရာရောက်တော့ သူငယ်ချင်းက ငါတို့စီးလာတာ ကားမှတ်တာ သဘောင်္ကြီး ဖြစ်နေတာကိုးတဲ့။ အင် ဘာဖြစ်လို့လည်းဆိုတော့ သိဘူးလေ အခုကျောက်ချထားတယ် မို့လားတဲ့။ သူပဲ ပြောတတ်ပါတယ်ဗျာ။) ထိုင်ခုံပြည့်သွားရင် လူပိုမတင် တော့ဘူးတဲ့။ ကားပေါ်မှာ ရုပ်ရှင်လည်း ကြည့်လို့ရသေးတယ် ဆိုပဲ။ အရင်လိုတော့ အဲယား မကွန်းတော့ပါဘူး။

လူ့သဘာဝအတိုင်း ပိုကောင်းတာကြိုက်ကြတာပဲလေ . . . အားလုံးနီးပါး ထူးကုန်ကြတာပေါ့။ ဒီတော့ ထိုင်ခုံတွေ ပြည့်လာပါ လေရော . . .။ မှတ်တိုင်တစ်ခု ရပ်လိုက်ရင်လည်း ခရီးသည်တွေ ပြည့်နေတတ်တော့တာပေါ့။ အချိန်တိုင်းတော့ ဘယ်ဟုတ်မလည်း။ ရုံးဆင်းရုံးတက်၊ အလုပ်သွား၊ အလုပ်ပြန် ချိန်တွေပဲပေါ့။ ကားရပ်လိုက်ပြီ ဆိုတာနဲ့ အပေါ်က မဆင်းရသေး အောက်က ခရီးသည်တွေက အပြေးအလွှား အလုအယက် တက်လာကြတော့ ခရီးသည်တွေကို စာနာပြီး အထူးယာဉ်ကြီးတွေ တစ်တန်းစီမှာ ထိုင်ခုံတစ်လုံးစီ တိုးပေးလိုက်ပါတယ်။ ထိုင်ခုံလေးတွေကို နဲနဲစိပ်ပေးလိုက်ပါတယ်။ ခြေထောက်ချရတာ မလွယ်တာလေး၊ ဒူးကွေးမရယုံလောက်ပါ။ အ၀င်အထွက် လမ်းကလေး နဲနဲကျပ်သွားတာလေး လောက်ပါ။ အို . . ခရီးသွားချင်း စာနာရမယ်လေ။ အချိန်တန်ရင် အိမ်ပြန်ချင်ကြတာ လူတိုင်းမဟုတ်လား။ လမ်းကျပ်သွားတော့ တည့်တည့်မထွက်ပဲ ဘေးတစ်စောင်း ထွက်ရတာ ဘာဖြစ်လည်း။ လိုရာခရီး အချိန်မှီရောက်ဖို့က အဓိကမဟုတ်လား။ ထုံးစံအတိုင်း သီးခံကြပါတယ်။ မြန်မာလူမျိုး တွေပဲ။ ကိုယ်ချင်းစာ တတ်ကြတာ အစဉ်အလာပါ။

ခရီးသွားတွေ ပိုပြီးအဆင်ပြေအောင် ဆောင်ရွက်ပေးပေမယ့် လူတွေကလည်း အားနေရင် အပြင်ပဲ ထွက်ကြသလား မသိပါဘူး။ မှတ်တိုင်ရောက်ရင် ပြည့်နေပြန်ရော။ အချိန်တိုင်းတော့ မဟုတ်ဘူးလေ။ ဒီတော့ ယာဉ်မောင်းတွေလည်း ခရီးသည်တွေကို ကိုယ်ချင်စားပြီး အလယ်လမ်းလေးမှာ တင်ပေးရပြန်ပါရော။ အို . အိမ်ပြန်ရောက်ဖို့ အရေးကြီးတယ်။ ထိုင်ခုံမထိုင်ရတာ ဘာဆန်းလို့လည်း တစ်သက်လုံး ဒီလိုပဲစီးလာတာကို ဆိုတဲ့ စိတ်တွေနဲ့ ထင်ပါရဲ့။ ခရီးသည်တွေ လည်း ရုံးဆင်းချိန်ဆို ထူးတာမထူးတာ၊ အရေးမထားနိုင်တော့ သလို… အစ်ကိုယာဉ်နောက်လိုက် များကလည်း၊ ကျွန်တော်တို့လည်း ဒီအချိန်လေးမှာ ဒီအပေါက်ကလေးနဲ့ လုပ်စားရတာပါ။ လုပ်ပါ. . စီးပွားရှာချင်း ကိုယ်ချင်းစာ ပေးပါ။ အားလုံးပဲ ပြန်ချင်ကြတာပါ။ လုပ်ကြပါ၊ ကူညီကြပါ။ ဆင်းမယ့်မှတ်တိုင် လေးဘီးလုံး ရပ်ပေးမှာပါ ဆိုပြီး ပြောလိုက်ဆိုလိုက် ဆော်သြလိုက်တော့ တစောင်းထွက်ရတဲ့ အလယ်လမ်းကလေးလည်း နှစ်ထပ်ရပ်စနစ်နဲ့ လူတွေ ပြည့်သွားပြန်ပါရော။

အဲ . . . မှတ်တိုင်နား ရောက်ပြန်တော့ ဆော်သြပုံလေးက တစ်မျိုးဗျ။ အချိန်အခါလိုက်လို့ပေါ့။ ရှေ့မှတ်တိုင် ဆင်းမယ့် သူများ ကြိုးထွက်လာခဲ့ပါ။ လုပ်ပါ သွက်သွက်ကလေး လှုပ်ရှားပေးပါ။ နောက်ကားပါလာလို့ပါ။ အပေါက်ဝကို ကြိုထွက်လာပေးပါ။ ကျော်သွားမှ မစော်ကားပါနဲ့ စော်ကားရင်တော့ ခေါ်သွားလိုက်မှာ ဆိုတဲ့ hip hop စာသားတွေ ရွတ်ပြီး ဆန်းသစ်ပြန်ပါရော။ ဒီလိုနဲ့ ဒီလိုနဲ့ပဲ ခရီးသည်တွေလည်း လိုရာခရီးကို စိတ်ရှည်သီးခံ လမ်းကြောင်းမှန်အောင် သွားလာ နေကြရတာပေါ့ဗျာ။


2 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. စိတ်ညစ်တာရေးတာ ရယ်သွားတယ် သူရိန်.

    ReplyDelete
  2. 16 Oct 10, 08:55 PM
    CV: ဖတ်ပြီးပြီ ကောင်းတယ်ရေးထားတာ

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1