မြန်မာနိုင်ငံမှာ ကြော်ငြာတွေ ပြန်လည်စတင်လာခဲ့တာ နှစ်ပေါင်း (၂၀) ကျော် ရှိပြီဆိုတော့ တော်တော်တောင် အရွယ်ရောက်လာခဲ့ပြီပဲ။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကြော်ငြာဆိုတာ သတင်းစာထဲ၊ မဂ္ဂဇင်းထဲလောက်ပဲ ကာတွန်းလေးတွေ ဆွဲပြီးကြော်ငြာတာ မြင်ဖူးတာ။ အလယ်တန်းကျောင်းသား အရွယ်မှာပဲ ရေဒီယိုကြော်ငြာ၊ ရုပ်မြင်သံကြားကြော်ငြာတွေ မြင်ရတော့ အထူးအဆန်းကို ဖြစ်လို့။ ကြော်ငြာအစီအစဉ်ကိုတောင် တမင် စောင့်ကြည့်ခဲ့ ရပေါ့။ အဲဒီတုန်းက အမျိုးသား ပြဇာတ်ရုံမှာ မေတ္တာတို့ ကသွားတဲ့ပွဲမှာ မေတ္တာဆိုသွားတဲ့ ကြော်ငြာ သီချင်းလေး တောင် တစ်ပိုင်းတစ်စ မှတ်မိနေသေး။ ယနေ့မှာတော့ ကြော်ငြာဆိုတာ နေ့စဉ်ဘ၀ထဲမှာ မထူးဆန်းတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်နေပါပြီ။
ဈေးကွက်စီးပွားရေးကြီးထဲမှာ ကြော်ငြာပေါက်ရင် ရောင်းကုန်းကလည်း စွန်တာကိုး။ ဒီတော့ ကျွန်တော်လည်း အခုရက်ပိုင်း ကြော်ငြာနည်းပညာတွေကို လိုက်လံနမူနာယူနေပါတယ်။ ကြော်ငြာခြင်းနဲ့ ပါတ်သတ်တဲ့ ဆောင်းပါးတွေ စာအုပ်တွေ လည်းလက်လှမ်းမှီရာ ဖတ်ကြည့်မိတယ်ပေါ့ ခင်ဗျာ။
ဒီလိုနဲ့ စာရေးဆရာ အောင်မောင်း ရေးထားတဲ့ ကြော်ငြာခြင်း အနုပညာဆိုတဲ့ ဆိုတဲ့ စာအုပ်လေး သူငယ်ချင်း တစ်ယောက် ဆီကနေ ယူလာပြီးဖတ်မိပါတယ်။ အောင်မောင်းက သူ့သူငယ်ချင်း ကိုသြဘကို ရှင်းပြနေတာပါ။
ကြော်ငြာခြင်း နည်းလမ်းတွေ အကြောင်းပေါ့။
အရောင်းမြှင့်တင်နည်း (Sales Promotion)၊ လူထုဆက်ဆံရေးနည်း (Public Relations)၊ ပုဂ္ဂိုလ်ရေးအရောင်း (Personal Selling)၊ တိုက်ရိုက်အရောင်း (Direct Marketing)၊ နောက် ပုံနှိပ်နဲ့ အသံလွှင့်နည်း၊ လက်ကမ်းလွှာနဲ့ စာအုပ်ဝယ်နည်း၊ ပိုစတာနဲ့ ဝေဖြန့်စာရွက်နည်း၊ ပိုစတာကိုင်ဟန်ရေး ပြတဲ့နည်း၊ လမ်းညွှန်စာအုပ်နည်း၊ ××× နည်း၊ ××× နည်း၊ အများကြီးပဲဗျ၊ ရှင်းပြနေပါတယ်။ ဒီတော့ ကိုသြဘလည်း သဘောပေါက်လာတယ် ထင်ပါတယ်။ အခုလို ပြန်ဆွေးနွေးရဲ့။
များလှချေလားဟ အောင်မောင်းရ၊ ဟုတ်တော့ ဟုတ်သားကွ၊ လူတွေအာရုံကျအောင် လုပ်ရတာပေါ့လေ၊ ငါ့သား အလတ်ကောင် ဆံပင်တွေ ဒူရင်းသီးလို ချွန်ထားတာလည်း ကြော်ငြာပေါ့။
အစစ်ပေါ့ဗျာ၊ လူတွေကျတော့ ကိုယ်ရည်ကိုယ်သွေး ထင်ပေါ်အောင်ပြတဲ့ သဘောဗျ။ အများက ကြည့်အောင်၊ စိတ်ဝင်စားအောင် လုပ်ပြီးလူကြားထဲ ကျချင်တယ်ဆိုတာလည်း ကြော်ငြာပဲ။
ငါ့မိန်းမ ရပ်ကွက်ထဲက လူတကာနဲ့ မတည့်တာ ကျတော့ကော၊
အဲ့သဟာလည်း ကြော်ညာပေါ့ဗျာ။ ကိုသြဘမိန်းမကတော့ နှုတ်သီးကောင်း လျှာပါး၊ တကယ့် ကက်ကက်လန်ပါကွာ လို့ပြောကြကတည်းက ပရိတ်သတ်စွဲလို့ပေါ့။
ငါ့ခယ်မတွေ ညနေဘက် ရေမိုးချိုးပြီး လမ်းသလားကြတာကတော့ ကော၊
ကြော်ငြာပဲ ကိုသြဘရဲ့၊ incentive programs လို့ခေါ်တယ်။ မက်လုံးပေးတာကိုးဗျ။
မင်းဟာကလည်း ငါ့တစ်မျိုးလုံး ကြော်ငြာတွေ ဖြစ်ကုန်ပါပကော။
ဘယ်ကမလည်းဗျ၊ ကိုသြဘ မခင်တုတ်တို့ မိသားစုကအလှူတော်ငွေ ၂၀၀ိ/- ဆိုပြီး ရပ်ကွက်ဓမ္မာရုံကို သုံးခါလောက် အော်ခိုင်းတာလည်း ကြော်ငြာပဲ။
ဘယ်လိုဖြစ်လို့တုန်း။
Charitable Donations လို့ ခေါ်သဗျ။ တစ်ချို့က ထင်ပေါ်ချင်လို့ လှူတာရှိတာကိုး။
ငါ့တူမလေး ရည်းစားထားတာကျတော့ကောကွာ၊
ကြော်ငြာပဲ၊ Samples ခေါ်တယ်၊ နမူနာပေးတယ်ပေါ့ဗျာ။
ဘယ်လိုမှ မလွတ်ပါလားအောင်မောင်းရာ . . .။
အင်း..ဟုတ်တာပဲ၊ လူဦးရေ သိန်းပေါင်း၊သန်းပေါင်း များစွာရှိနေတဲ့ ဒီကမ္ဘာမြေမှာ ကိုယ့်ကုန်ပစ္စည်း၊ ကိုယ့်ကိုယ်ကိုယ် လူသိအောင် ကြော်ငြာရတယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေပဲ။
Blogger လောကမှာလည်း ဒီလိုပဲ၊ ကိုယ့်ဘလော့လေး လူသိအောင် နည်မျိုးစုံနဲ့ ရေးသားကြတော့၊ ဒါဟာကြော်ငြာ ပါလားလို့ စဉ်းစားမိရဲ့။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ blog နာမည်ကြီးရင် ကြော်ငြာတွေ ၀င်လာပြီးသန်းကြွယ်သူဌေး ဖြစ်နေကြ သူများလည်း ရှိနေတာကိုး။ ဒီတော့လည်း ကြော်ငြာရဖို့ ကြော်ငြာကြသည်ပေါ့။ တစ်ချို့များလည်း blog ပေါ်တင်မကဘူး Facebook ပေါ်မှာ ထပ်ဆင့်ကြော်ငြာကြ။
တစ်ချို့တော့လည်း ဒီလိုပြောဆို ရေးသားရာမှာ talent ရှိတယ်လို့ ပြောရမှာပေါ့။ ကျွန်တော်တို့ အစ်မကြီး မခင်ဦးမေ ကိုပဲကြည့်။ စာတစ်ကြောင်း ရေးတာကအစ လူအများ စိတ်ဝင်စားခြင်း ခံရတာ၊ အောင်မောင်းရဲ့ နိယာမတွေ မွေးရာပါတတ်မြောက် နေလားမသိဘူး။ စလုံး မြန်မာရပ်ကွက်က ကြော်ငြာအေဂျင်စီတွေ ကျွန်တော်တို့အစ်မကို Model လုပ်ဖို့ မကမ်းလှမ်းပဲ လက်နှေးနေတာ အံ့သြမိပါရဲ့။
သွားတိုက်ဆေး ကြော်ငြာတစ်ခုမှာ billboard ထဲက အရုပ်က billboard ထောင့်စွန်းကြီးကို ဆွဲယူကိုက်ဖြတ် ပြနေတဲ့ပုံကို ဂျယ်နယ်တစ်စောင်မှာ မြန်မာကြော်ငြာတွေ ခေတ်မှီလာပြီဆိုပြီး ချီးမွမ်းထားတာ တွေ့ရတော့ ဒါဟာလည်း အင်တာနက်ခေတ်မှာ ပုံတူကူးချ ကြော်ငြာ အနုပညာတစ်ရပ်ပါလားလို့ မှတ်သားမိ။

ကော်ဖီသောက်ချင်လို့ ကော်ဖီမစ်ထုပ် ပြေးဝယ်တော့ ၀ါကျွတ်အမှီ၊ လူကြီးသူမကို ဒီအကောင်းဆုံး ကော်ဖီနဲ့ ကန်တော့ပါ၊ ဒီအလန်းဆုံး ကော်ဖီကို လှူဒါန်းခြင်းဖြင့် ကုသိုလ်ယူပါ ဆိုပြီး လမ်းဆုံမှာ billboard ကြီးတွေ ပုံစံတူ အရွယ်တူ၊ ဒီဇိုင်းတူတွေ တွေ့တော့၊ ဘာရွေးရမှန်း မသိတာနဲ့၊ ဘာမှ မကြော်ငြာတဲ့၊ ယိုးဒယားလုပ် Bardy Coffee Mix ထုပ်တွေပဲ ၀ယ်ခဲ့တော့တယ်။ ပြည်ပအားကိုး ပုစိန်ရိုး မဟုတ်ရပါဘူး။
ကော်ဖီသောက်ရင်း ဆက်စဉ်းစားမိတာက ပုံမှန်လမ်းကြောင်းက ခွဲမထွက်နိုင်ရင် ကြော်ငြာဆိုတာ မပေါက်လှဘူးပဲ၊ ဆိုတာပါ။ သူရိန်တစ်ယောက် အခုမှ ဘာတွေကြော်ငြာချင်လို့ လေရှည်နေတယ် မသိဘူးလို့ အကြောင်းသိတွေ ကတော့ ယူဆနေလောက်ပြီ။ မှန်ပါတယ် ကျွန်တော် မောင်သူရိန် တစ်ယောက်လည်း ကျွန်တော်တစ်ခါမှ မရောက်ဘူးတဲ့ ရပ်ကွက်မှာ ကျူရှင်တစ်ခု ဖွင့်လိုက်ပါတယ်။ အဲလို market research ရှိတာပေါ့။
ခက်တာက မောင်သူရိန် အလွန်တော်ပြီး၊ အသင်အပြကောင်းတာ မောင်သူရိန်ဘာသာ သိပေမယ့် ကျောင်းသားတွေ သိမှ ကျူရှင်ဆိုတာ နာမည်ရတာ မဟုတ်လား။ ဒီတော့ ကြော်ငြာရမယ် ..။ ဘယ်လို ကြော်ငြာမှာလည်း၊ billboard လေးတွေ လိုက်ကပ်မယ်၊ လက်သုတ်စက္ကူ ဖြစ်သွားမယ့် လက်ကမ်းကြော်ညာတွေ ဝေမယ်။ ဒါတွေက ရိုးသွားပြီ။ ဘာလုပ်ရင် ကောင်းမလည်း စဉ်းစားစမ်း၊ အင်း… ကျွန်တော် ခေါင်းစားပါလေပြီ။
ကနေ့ကြော်ငြာတွေ အကြောင်း ပြန်စဉ်းစားတယ်၊ မော်ဒယ်လေးတွေနဲ့ လှုပ်ခိုင်းဖို့ ဆိုတာတော့ မောင်သူရိန် ကြော်ငြာစရိတ် မတတ်နိုင်ဘူး၊ ပြီးတော့ မောင်သူရိန့် ကျူရှင်က မြှူဆွယ် မက်လုံးပေးတယ် ဆိုရင် အခက်။ နောက်ထပ်နည်းလမ်းတွေ စဉ်းစားကြည့်တယ်။
မနေ့က ကြက်သားဟင်းနဲ့ ထမင်းစားပြီး၊ ဒီကနေ့ အမဲသားဟင်းနဲ့ ထမင်းစားရင် မနက်ဖြန်ပါမယ့် အီးအီးက ဘာအရောင် ဖြစ်မလည်း၊
လွယ်ကူရှင်းလင်းစွာ စဉ်းစားတတ်ဖို့ ××× နည်းပြမှ တက်ပါ။ ဟာ . . . ဖြစ်သေးပါဘူးလေ။ ကြော်ငြာမှာတင် ခေါင်းရှုပ်သွားပြီ ဘယ်သူမှ မလာတော့ရင် ဒုက္ခ။
အင်း . . . ဒီနေ့ကြော်ငြာတွေမှာ ခါတော်မှီ ကြော်ငြာတွေရှိတယ်။ နှစ်သစ်ကူးအထမ်းအမှတ် အထူးလျှော့ဈေး၊ ၀ါကျွတ် အထူးဈေးပွဲတော်၊ ယောက္ခမကြီး ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းမှတ် ဈေးရောင်းပွဲ၊ စသဖြင့် စသဖြင့် ပေါ့။
ပြီးတော့ သူများကိုကြော်ငြာပေးပြီး ကိုယ့်ကိုယ်ကိုယ် ကြော်ငြာတာတွေပေါ့။ ဘတ်စကားတွေမှာ တွေ့ရ သလိုပေါ့။
××× နည်းပညာဖြင့် ထုတ်လုပ်ထားသော သင့်လက်ဗွေရာ မကျန်စေသော လက်အိတ်အမျိုးစားကောင်း၊
အောက်ကမှ
အဖြူရောက် အကွက်သေးသေးလေးနဲ့ ခါးပိုက်နှိုက်သတိပြု
စတဲ့ ကြော်ငြာတွေ ကြည့်ပြီး၊ မောင်သူရိန် စဉ်းစားပါတယ်။ ခါတော်မှီလည်း ဖြစ်ရမယ်၊ နာမည်ရ လုပ်ငန်း(သို့) ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ထပ်ဆင့် ကြော်ငြာ ခြင်းဖြင့် ယုံကြည်မှုကိုရယူနိုင်ရမယ်။ လူလည်း စိတ်ဝင်စားရမယ်။ ဘယ်လိုကြော်ငြာရင် ကောင်းမလည်း။
ဟာ ဟုတ်ပြီ…။ ရွေးကောက်ပွဲကြီး စတော့မယ်။ ကြော်ငြာ ဘုတ်တွေရဲ့ နဖူးစီးမှာ အင်အားကောင်းတဲ့ ပါတီကြီးတွေကို ထပ်ဆင့် ထောက်ခံပေးရင် ကောင်းမယ်။
ပြည့်သူတို့ အားကိုးဖို့ ××× ပါတီကို မဲပေးစို့။
××× နည်းပြ ။
မကောင်းပေဘူးလား။

စေတန်ဂေါက်ကတော့ဘလော့ရေးတာကနေ အလုပ်တွေ လာခေါ်ကြတာ လက်မလည်ဘူးဆိုဘဲ။
ReplyDeletehttp://www.saturngod.net/
ဆရာ့ဓါတ်ပု့နေဲ့ ကြော်ငြာပါလို့ အကြံပြုပါရစေ။
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့