ညရှုခင်း


ဟာ... လှလိုက်တာ....။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် နေပုံက သူတော်စဉ်များ ပျော်စံရာ မဟာမြိုင် တောအလား...။ လေညှင်းလေးက သွဲ့သွဲ့လေးတိုက်ခတ်....။ နွေဦးလိုဂို ရော်ဝါရွက်ခြောက် ကလေးတွေ တဖွဲဖွဲ ကြွေကျ။ မဟာရန်ကုန်ရဲ့ နွေဦးညရှုခင်းက တယ်သာယာပါလား....။

ရန်ကုန်သူ၊ ရန်ကုန်သားတွေလည်း ကမ္ဘာမြေ စိမ်းလန်းဖို့အရေး တွေးဆလာကြသည်ထင့်။ စွမ်းအင်တွေ ခြွေတာလိုက်ကြတာ....။ အင်း... ဒါအရေးကြီးတယ်။ ကမ္ဘာကြီး ပူနွေးလာလို့တဲ့... သြစတြေးလျမှာ တောမီးတွေ လောင်သွားလိုက်တာ သစ်တောတွေ တော်တော် ဆုံးရှုံးသွားတယ် ဆိုပဲ။ လူတွေလည်း သေကြသတဲ့။ လမ်းဘေးဝဲယာ လူတွေရုတ်စုရုတ်စု ဘာတွေပါလိမ့် ....။ အိုး... အင်္ကျီမပါ ကိုယ်ဗလာနဲ့.... ကာယမောင်တွေ များလား... သြော်...မဟုတ်ဘူးဟ..။ ညခင်း ရေချိုးပွဲ ကျင်းပနေကြတာကိုး... ဒါလဲအော်လ်တာပဲ။ ပျော်စရာကြီး။ အမယ်... ရေတွေပက် ကစားနေလိုက်ကြတာ သင်္ကြန်ကျနေလား မှတ်ရတယ်။

ဟော...တေးသံသဲ့သဲ့ ကြားရတယ်။ သြော်.... ကိုတိုးကြီးရဲ့ သူချင်းပဲ...

'' အမှောင်ယံ...ကြီးစိုးတဲ့ည၀ယ်.....တိတ်ဆိတ်တဲ့... ညအမှောင်ယံ အလယ်......''

သူတို့ဆိုတာကြားတော့ လွမ်းတောင်လာတယ်။ ဟော.... ဟိုဘက်မှာလဲ တစ်ဝိုင်း.... အမယ်.. ဟစ်ဟော့ ခေတ်မှာ ဒီသူချင်းတွေ.. ဆိုကြတုန်းပဲကိုး... ကိုင်ဇာရဲ့ သူချင်းလေးပဲ... လူငယ်လေးတွေ ဂစ်တာလေးနဲ့ ဆိုနေလိုက်တာ ခပ်ဆွေးဆွေးပဲ...။ သြော်... ချစ်သူနဲ့ အဆင်မပြေဘူး ထင်ပါရဲ့...

''သူလာလာ.လာ...မလာ.လာ.....ကိုယ်ကဆောင့်ရမှာ...''တဲ့။

စက္ကန့်ခြောက်ဆယ် တစ်မိနစ်....
သူမလာတော့...စိတ်တွေညစ်.....
မိနစ်ခြောက်ဆယ်....တစ်နာရီ....
သူမလာတာ..ကြာပါပြီ....
နှစ်ဆယ့်လေးနာရီ....တစ်ရက်....
သူမလာတော့...စိတ်တွေပျက်....
ငါတို့ဘယ်လို... ခရီးဆက်...

အမယ်... ကလေးတစ်သိုက် ရွတ်နေတဲ့ ကဗျာကလည်း အဆန်းပါလား။ ဘယ်သူကို မျှော်နေကြပါလိမ့်...။ နားထောင် လို့တောင် ကောင်းသေး...။ သြော်...ရန်ကုန်မြို့ကြီးရဲ့ .... ညတေးသံ လေးတွေကလည်း.. ကျေးလက်ဆန်သား ကလား...။ အင်း....အမေနဲ့ ရွာတောင်လွမ်းမိပါရဲ့...။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1