
ပိတ်ချင်းမြောင် ဆိုတာ ပြင်ဦးလွင်မြို့မှာ ရှိတဲ့ ဘုရားဖူးတွေ သွားရောက် ဖူးမြော်လေ့ရှိတဲ့ နာမည်ကြီး ဂူဘုရား တစ်ဆူပါ။ ပြင်ဦးလွင် မြို့ပေါ်မှာတော့ မဟုတ်ဘူး။ ပြင်ဦးလွင်-လားရှိုး လမ်းနံဘေး ပြင်ဦးလွင်နဲ့ နောင်ချိုမြို့ နယ်စပ် ၀က်ဝံကျေးရွာမှာ ရှိပါတယ်။ ၀က်ဝံကျေးရွာလို့ ဘာကြောင့် ခေါ်လည်းဆိုတော့ အရင်တုန်းကတော့ အဲဒီနေရာဟာ တောနက်ပြီး ၀က်ဝံတွေပေါများလို့, လို့ တစ်ချို့ကတော့ ပြောကြတယ်။ ကျွန်တော်တော့ အသေ အချာ မသိပါဘူး။ အခုတော့ ၀က်ဝံမပြောနဲ့ ယုန်တောင် မတွေ့ရတော့ပါဘူး။ ပြင်ဦးလွင်ကနေ ကား၊ ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် နာရီဝက်၊ လေးဆယ့်ငါးမိနစ် လောက်ကြာပါတယ်။


ပိတ်ချင်းမြောင်ကို ရောက်ပြီဆိုရင်တော့ ဆိုင်တန်းတွေ ဒေသထွက်ကုန် ပစ္စည်းရောင်းတဲ့ ဆိုင်တွေ လက်ဆောင် ပစ္စည်း ရောင်းတဲ့ ဆိုင်တွေကို အ၀င်မှာ စည်စည်ကားကား တွေ့ရမှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီ ပေါ်ချိန်ဆိုရင် စတော်ဘယ်ရီ ခြင်းကလေးတွေနဲ့ လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးတွေကို စားရတာ အရသာတစ်မျိုး ပါပဲ။

အခုတစ်ခါတော့ မိုးနားနီးနေပြီမို့ စတော်ဘယ်ရီသီးတွေ မတွေ့ရပဲ လိုင်ချီးသီးတွေကို အခိုင်လိုက် ရောင်း နေတာပဲ တွေ့ခဲ့ရပါတယ်။
ပိတ်ချင်းမြောင်ဂူဟာ ဟိုတုန်းကတော့ ဂေါ်ရခါးလူမျိုးတွေ ဘာသာရေး အခမ်းအနား လုပ်တဲ့ဂူလို့လည်း ပြောကြပါတယ်။ ဘုရားသမိုင်း ကိုတော့ ကျွန်တော် သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ကျောက်စက်ရေ အေးအေးလေးတွေ စိမ့်ထွက်နေတဲ့ ဂူထဲကို ၀င်သွားချိန်မှာတော့ အခြားဘယ်နေရာမှ မရတဲ့ ခံစားမှုတစ်မျိုးကို ရစေပါတယ်။ ဂူထဲကို လေ၀င်ပေါက်က အ၀င်ပေါက် တစ်ခုနဲ့ လှိုင်ဂူထိပ်မှာ အပေါက်ငယ် တစ်ပေါက် ရှိတာကလွဲလို့ အခြားလေ၀င်ပေါက် ရှိတဲ့နေရာကို မတွေ့ရပါဘူး။ ဒါပေမယ့် လှိုင်ဂူထဲမှာ မွန်းကြပ်မနေပဲ သွားလာရတာ သက်တောင့် သက်သာ ရှိလှပါတယ်။
အလင်းဝင်ပေါက် မရှိတဲ့အတွက်တော့ ၂၄နာရီ လျှပ်စစ်မီး ထွန်းထားရတာပေါ့။ မီးပျက်ရင် ဘယ်လိုလုပ်မလဲ စိုးရိမ်စိတ်နဲ့ မေးကောင်းမေးကြမယ်။ စိတ်မပူပါနဲ့ လှိုင်ဂူထဲကို ပေးတဲ့လျှပ်စစ်မီးက အဲဒီပိတ်ချင်းမြောင် လှိုင်ဂူ ဘေးက ဆက်ဆင်းသွားရင် တွေ့ရမယ့် ၀က်ဝံရေအားလျှပ်စစ် စက်ရုံလေးက ပေးထားတာဖြစ်ပါတယ်။ အလွန် သာယာတဲ့ နေရာပါ။ ၀က်ဝံရေတံခွန် ရေမခန်းသေးသမျှတော့ မီးမပျက်ပါဘူး။
ဝက်ဝံ ရေအားလျှပ်စစ်က အကြီးစား ထုတ်လုပ်မှုတော့ မဟုတ်ဘူး။ 12 MW လောက်လို့ ထင်ပါတယ်။ generator အသေးလေး နှစ်လုံးလည်တာလို့ ထင်ပါတယ်။ မမှတ်မိတော့ဘူး။ အရင်တုန်းက ရောက်ဘူးတယ်။ အခုတော့ မရောက်ခဲ့ပါဘူး။ သွားလို့လည်း မရဘူးလေ။ ဒီစက်ရုံလေးက ၀က်ဝံကျေးရွာ ဒေသတစ်ဝိုက်ကို လျှပ်စစ်မီး ပေးထားတာပါ။ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ စက်ရုံတစ်ခု ဖြစ်ပါတယ်တဲ့။ နှစ်ပေါင်း မနည်းတော့ဘူးပဲ။ အခုထိအသုံးဝင်နေတုန်း၊ ၀က်ဝံရွာသားတွေ အတွက်တော့ ကံကောင်းခြင်း လက်ဆောင်တစ်မျိုးပါပဲ၊ ၂၄နာရီ မီးရရှိပါတယ်တဲ့။

ဂူထဲကို မ၀င်ခင် လှိုဏ်ဂူဝမှာ ဂူထဲကို ၀င်မယ်ဆိုရင် ဘယ်နေရာမှာ ဘာတွေ တွေ့ရမယ်ဆိုပြီး ကြိုပြီး ညွှန်ပြထားတဲ့ လမ်းညွှန်မြေပုံ ဆိုင်ဘုတ်ကြီးကိုလည်း ထင်ထင်ရှားရှား တွေ့ရပါတယ်။

ဒီပင်္ကရာ ဘုရားရှင်ကို တံထားထိုးပြီး ဘုရားဆုပန်နေတဲ့ ဂေါတမဘုရားလောင်း ရသေ့ရုပ်တုကို ဖန်တီးထားပုံ ကလည်း အသက်ဝင် လက်ရာမြောက်လှတယ်လို့ ထင်မိပါတယ်။
ပိတ်ချင်းမြောင် လှိုဏ်ဂူဝမှာလည်း ကျောက်ဆောင်တွေကြား စီးဆင်းနေတဲ့ စိမ့်စမ်းရေကြောင့် ရေတံခွန်ငယ် တစ်ခုအသွင် စီးဆင်းနေပြီး အလွန်လှပပါတယ်။


အထဲကို ၀င်သွားမယ် ဆိုရင်တော့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် ဆင်းတုတွေ၊ အောင်ခြင်းရှစ်ပါး သရုပ်ဖေါ် ကျောက်ဆစ် ရုပ်ပွားတော် တွေကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။

အခုတစ်ခေါက် ရောက်ခဲ့စဉ်မှာတော့ မဟာမြတ်မုနိ ပုံစံတူ ကြေးသွန်းဆင်းတုတော် တစ်ဆူကိုလည်း ဖူးမြော်ခဲ့ရပါတယ်။ လှိုဏ်ဂူတွင်း ကိုလည်း ပိုမိုပြင်ဆင် မွန်းမံထားတာ တွေ့ရပါတယ်။

အခြား ထူးထူးခြားခြား မရှိပေမယ့် သရက်ပင်၊ ပိန္နဲပင် ပန်းပုရုပ်တွေကတော့ တကယ်လက်ရာ မြောက်ပါတယ်။

အေးချမ်းတဲ့ တောင်ပေါ်မြို့ရဲ့ ထူးခြားတဲ့ အသွင်အပြင်တွေနဲ့ ပိတ်ချင်းမြောင် ဘုရားဟာ အခါအခွင့်သင့်မယ် ဆိုရင်တော့ တစ်ခါတစ်ခေါက်လောက် သွားရောက် ဖူးမြော်လေ့လာ သင့်တယ်လို့ ထင်မြင်မိကြောင်းပါ။
သွားလှချည်လား.။ ကျောင်းဆရာ..
ReplyDeleteဝယ်မစားခဲ့ဘူးလား. စာ:ချင်စရာ..
အမှိုက်တွေကော ဝယ်ဖြစ်သေးလား။
ကိုယ်သာဆိုရင်တော့ လက်နိပ်ဓါတ်မီးယူသွားဦးမှာဘဲ စိတ်မချပါဘူး.
မီးကလေးလက်လက်နဲ့ပုံသိတ်လှတယ်။
အပင်ရုပ်က အစစ်အတိုင်းဘဲ
အင်း……သွားဦးမယ်။. သွားခဲ့ဖြစ်ရငပေါ့.
မမလင့်လာချတဲ့နေကတည်းက မန့်ခဲ့ရတာ ..
ReplyDeleteမရပါ..
ပိတ်ချင်းမြှောင်သွားဖို့အတွက်..
ဝက်ဝံထိ စက်ဘီးစီးခဲ့ရတာ..ဘဝတစ်သက်စာမှတ်တမ်း..
အလဲ့..ငါလည်း
ပတ္တမြားဥဒေါင်းလိုလို ဘာလိုလိုနဲ့..
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့