မန်ယူ 3-1 အာဆင်နယ်

ပွဲကြီးပွဲကောင်းမို့ ကြည့်လိုက်တယ်။ ဖာဂူဆန်နဲ့ အာစင်ဝင်ဂါး ဒီပွဲမတိုင်ခင်အထိ ၄၁ကြိမ် တွေ့ဆုံရာမှာ ဖာဂူဆန်က ၁၆ကြိမ်၊ အာစင်ဝင်းဂါးက ၁၄ကြိမ် အနိုင်ရခဲ့ကြပြီး ၁၁ကြိမ်၊ သရေကျခဲ့လေတော့ ဒီနေ့ အာစင်ဝင်းဂါး အလှည့်လေလားပေါ့၊ မန်ယူဆို အမြဲရှုံးမယ်လို့ ဟောကိန်းထုတ်လေ့ရှိတဲ့ အားကစား ဆောင်းပါးရှင် ဦးခင်မောင်ထွေး (ပျဉ်မနား) ဒီပွဲလည်း လွဲသွားရ ပြန်လေပြီပေါ့။ ဒီတစ်ခါ ခန့်မှန်းကြတာကတော့ အာဆင်နယ် နိုင်ကြမယ်လို့ အများထင်ခဲ့ကြပါတယ်။ အခုနောက်ပိုင်း အာဆင်နယ်ကလည်း ခြေစွမ်းမှန်နေ၊ မန်ယူကလည်း အသင်းပိုင်ရှင်တွေရဲ့ ဂယက်ရိုက်ခတ် နေတာကိုး။

ဒါပေမယ့် ကွင်းပြင်ပပြသနာတွေက မန်ယူရဲ့ခြေစွမ်းကို ဘယ်လိုမှ မထိခိုက်စေဘူးဆိုတာ ဒီနေ့ပွဲက သက်သေပြ နိုင်ခဲ့ပါတယ်။ ပွဲစကတည်းက နှစ်ဖက်လုံးတိုက်စစ်ကို ဦးစားပေးခဲ့တယ်။ အာဆင်နယ်က ကွင်းလယ်ကစားကွက် ကောင်းပေမယ့် ရှေ့တန်းနဲ့ မချိတ်ဆက်နိုင်ခဲ့ဘူး။ နောက်တန်းကလည်း မန်ယူရဲ့ တောင်ပံတိုက်စစ်ကို မထိန်းနိုင်ခဲ့တာဟာ ဒီနေ့ပွဲရဲ့ အရှုံးကို ဖြစ်စေတာပေါ့။


ပထမပိုင်း 32မိနစ်မှာ အခုနောက်ပိုင်း ခြေစွမ်းထက်နေတဲ့ နာနီ တစ်ကိုယ်တော် အစွမ်းနဲ့ အာဆင်နယ် နောက်တန်းနှစ်ယောက် ပိတ်ထားတဲ့ ကြားကနေ ဘောလုံးကိုဆွဲထွက်ပြီး ကန်သွင်းတာမှာ အာဆင်နယ် ဂိုးသမား အယ်လမူနီယာ ပုတ်ထုတ်ခဲ့ပေမယ့် မမှီလိုက်လို့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းခဲ့ သလို ဖြစ်ခဲ့တယ်။


ဂိုးပေးလိုက်ရတဲ့ အာဆင်နယ် ဂိုးပြန်ရဖို့ ဖိကစားပေမယ့် counter မိပြီး အခုနောက်ပိုင်းပွဲတွေမှာ ဂိုးတွေ ဆက်တိုက်သွင်းနေတဲ့ ရွန်းနီနဲ့ နာနီတို့ရဲ့ တွဲလုံးကနေ ရွန်းနီက ဒုတိယဂိုးကို ပထမပိုင်း 36မိနစ်မှာ သွင်းလိုက် ပြန်တယ်။ ဒီဂိုးအပါအ၀င် သွင်းဂိုး၂၀နဲ့ ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းသူအဖြစ် ရွန်းနီက ရပ်တည် နေပါတယ်။

ဒုတိယပိုင်း ပြန်စလေတော့ အာဆင်နယ် ဖိကစားတာပါပဲ။ ဒါပေမယ့် မန်ယူနောက်တန်းကို မကျော်နိုင်ခဲ့ပါဘူး။ counter ကနေပဲ ပတ်ဂျီဆန် ဆွဲပြေးပြီး ဂိုးသမားကို ကျော်ထည့်ခဲ့လို့ ဒုတ်ယပိုင်း 52 မိနစ်မှာ မန်ယူ သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တယ်။ အဲဒီနောက် မန်ယူ ခံစစ်ကို ဦးစားပေး ကစားခဲ့ရာမှာ ဒုတိယပိုင်း 79မိနစ်မှာတော့ မန်ယူဂိုး ဧရိယာအတွင်းမှာ နောက်တန်းတွေကြားက ဗာမီလန် ကန်သွင်းပြီး အာဆင်နယ်အတွက် တစ်ဂိုး ပြန်လည်ချေပ နိုင်ခဲ့တယ်။

အာဆင်နယ် ကစားသမားတွေ ကြည့်ရတာ အနိုင်ရရေးထက် ကစားကွက်ကိုပဲ ဦးစားပေးနေသလိုပဲ ရှုံးနေ ပေမယ့် အေးအေးဆေးဆေး ရှိလွန်းတယ်။ ဒီတော့မန်ယူကလည်း ဂိုးထပ်သွင်းနိုင်ရေးထက် ဂိုးမပေး ရရေးကို ဦးတည်ပြီး အာဆင်နယ်ရဲ့ ကစားကွက်ကို ဖြတ်တောက်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ၁ဂိုးနဲ့ နိုင်ခဲ့တယ်။ ကျွန်တော်လည်း ပျော်ခဲ့သပေါ့။ ဖာဂူဆန်ကတော့ အာဆင်ဝင်းဂါးအပေါ် သုံးပွဲအသာရနေရဲ့။

ပထမနေရာက ချဲလ်ဆီးက မနေ့က ဘန်လေကို နှစ်ဂိုးတစ်ဂိုးနဲ့ နိုင်ခဲ့လေတော့ ချဲလ်ဆီးကပဲ တစ်ပွဲလျော့ တစ်မှတ်သာနဲ့ ဆက်လက် ဦးဆောင်နေဆဲ။ ဒါပေမယ့်လည်း အချိန်တန်ရင်တော့ မန်ယူပါပဲ ဆိုတဲ့ ကျွန်တော်တို့ ပရိတ်သတ်တွေ လက်သုံးစကားအတိုင်း မန်ယူပဲ ဗိုလ်ဆွဲနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1