ပျင်းပျင်းရှိရင် မ kom ရဲ့ cbox မှာ ပေါက်တတ်ကရ ထွေရာလေးပါး မထိတထိ လျှောက်ပြောနေတတ်တာ အကျင့်ဖြစ်နေပြီ။ ဒီနေတော့ ဆယ်စုနှစ်ကြာ ပေါင်းလာတဲ့ ဘော်ဒါကြီးလေးက မကြီးမငယ် ၀င်ပေါနေသလားတဲ့။ အင်း… ဟုတ်ပါရဲ့ ငါမကြီးသေးဘူးလား မသိပေမယ့် ငယ်တော့ မငယ်တော့ဘူးပဲ။ အများစုကတော့ အဲလိုထင်ကြမယ်။ အရာရာ ရှာပါးတဲ့ ကာလကြီးထဲမှာ ပေါလို့ရတာ ကိုယ်တိုင်ပဲရှိတယ်… ငါပေါနေဦးမယ် မျောက်ကြီးရေ…။
ရပ်ကွက်တွေကို A, B, C, D ဆိုပြီး အုပ်စုလေးစုခွဲပြီး အလှည့်ကျ မီးပေးတော့မယ်လို့ ဟိုနေ့က စာရွက်ထဲမှာ ဖတ်လိုက်ရတယ်။ ဒီနေ့တော့ ငါတို့ရပ်ကွက်က E ဖြစ်သွားတယ် ထင်ပါရဲ့…။
ကျွန်မကြိုက်တဲ့သူကို အိမ်က သဘောမတူဘူး။ သူတို့ သဘောတူတဲ့သူကို ကျွန်မ,မကြိုက်ဘူး။ မိဘစကား နားထောင်ဖို့ ကျွန်မဘ၀ကို ဆန္ဒနဲ့လဲပြီး ကျွန်မမြှုတ်နှံသင့်လားတဲ့။ Gtalk ထဲမှာ အမြဲလိုလို ပြောဖြစ်တဲ့ ကောင်မလေး တစ်ယောက်က လာမေးတယ်။ ငါမသိပါဘူး၊ အဲဒါတွေငါနာမလည်ဘူး ကောင်မလေးရေ..။ မှားတယ်၊ မှန်တယ် ဝေဖန်နိုင်လောက်တဲ့ အတွေးအခေါ် ငါ့မှာ မရှိသေးလို့ပါ။
ပုဂ္ဂလိက ကျောင်းတစ်ခုရဲ့ ကြော်ငြာမှာ ကလေးတစ်ယောက်က သစ်ပင်တွေကို ကျေးဇူးတင်တယ်။ ကမ္ဘာမြေကို ရှင်သန်စေလို့ပါတဲ့။ ကမ္ဘာကြီးတစ်ခုလုံး ပူနွေးလာရမှုအပေါ် green energy ဆိုတာကို တော်တော် ပြောလာကြတယ်။ သစ်ပင်စိုက်တာ ၀ါသနာပါတဲ့ငါ သစ်ပင်တွေ မစိုက်ရတာ ကြာပေါ့။ စိုက်ဖို့မြေ ရှားနေလို့ပါ။ အမယ်… ရန်ကုန်သူ၊ ရန်ကုန်သားများ တယ်…မြင်တတ်ကြတယ်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတဲ့အတိုင်း နောက်ဖေးလမ်းကြား တိုက်နံရံတွေမှာ စိုက်ထားလိုက်ကြတာ ညောင်ပင်၊ သပြေပင်၊ အုန်းနှဲပင်၊… သင်္ဘောပင်တောင် ပါလိုက်သေး။ တော်ကြပါပေ့။
နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ ဘယ်ရေသန့်မဆို သောက်သုံးဖို့ မသင့်တော်ဘူးလို့ ဟိုနေ့က ကြည့်လိုက်ရတဲ့ TV အစီအစဉ်တစ်ခုမှာ ပြောသွားတာကို မှတ်လိုက်မိတယ်။ ဒီနေ့ ကားမှတ်တိုင်မှာ ရေစာလို့ ရေ၀ယ်သောက်မယ် လုပ်တော့ နေပြင်းပြင်းအောက်က ရေခဲဘူးပေါ်မှာ ထောင်ထားတဲ့ ရေသန့်ဘူးတွေ မြင်တော့ … အင်း ကျန်းမာရေးနဲ့ မညီညွတ်ပေဘူးဆိုပြီး ကိုယ့်တံတွေးကိုယ် မျိုချလိုက်တယ်။ အင်း .. ငယ်ငယ်က အိမ်ရှေ့က ဗာဒံပင်မှာ ချိတ်ဆွဲထားတဲ့ ရေးအိုးစဉ်လေး ပြေးပြီးသတိရမိတယ်။ ပြေးပြေလွှားလွှား ဆော့ကစားလို့ မောလာရင် အုန်းမှုတ်တုတ်တံကိုင် အပြည့်ခပ်ပြီး တဂွပ်ဂွပ် သောက်ချပစ်လိုက်တာပဲ…၊ ငါကျန်းမာရေးနဲ့ ညီညွတ်ခဲ့ရဲ့လားလို့ ပြန်တွေးပြီး စိုးရိမ်နေမိတယ်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့