ဒီနေ့ Sea Game အမျိုးသားပွဲစဉ် အိမ်ရှင်လာအိုနဲ့ မြန်မာအသင်းတို့ ကန်တဲ့ပွဲ မျိုးချစ်စိတ်ဓါတ် ပြင်းထန်စွာနဲ့ အားပေးဖို့ အတန်းပြီးပြီးချင်း TV ရှေ့ အပြေးရောက်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်မြင်သံကြား တိုက်ရိုက် ထုတ်လွှင့်မှု မပြုလုပ်နိုင်လို့ ရုပ်လဲမမြင် အသံလဲမကြားခဲ့ရပါဘူး။
ဒီနှစ် မီဒီယာတွေ သတင်းယူမှု စံချိန်တင်သောနှစ်၊ sea game ပြိုင်ပွဲတစ်လျှောက် ကစားသမားများ စံချိန် တင်ဆုကြေးတွေ အများဆုံးပေးမယ့်နှစ် ရွှေဆုရခဲ့ရင် ပြိုင်ဘက် အသင်းတွေထက် ဆုကြေးငွေ စံချိန် တင်မယ့်နှစ်၊ စသဖြင့်စသဖြင့် ဂျာနယ်အသီးသီးမှာ အားရစဖွယ် (မဖြစ်နိုင်လို့ ပြောတယ်လို့ မယူဆစေလိုပါ။ အမှန်အကန် ဆောင်ရွက်ပေးမှာလို့ အသေအချာကို ပြောခဲ့တာပါ။ ရွှေဆုရနိုင်တဲ့ အချိန်အခါလည်း အမှန် ရောက်ရှိနေပြီလို့ ယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။) ရေးထားလေတော့ ဒီနှစ်ပြိုင်ပွဲကတော့ အလွန် အားတက်ဖွယ်ရာ ကစားကွက်တွေနဲ့ အပီအပြင်အားပေးခွင့် ရတော့မယ်လို့ တကယ်ပါ လုံးဝ ယုံကြည်ခဲ့တာပါ။ ဒါပေမယ့်လည်း တိုက်ရိုက်ကြည့်ရှုဖို့ အခွင့်အရေး လေးတောင် မရခဲ့ပါဘူး။
တဆင့်စကား တဆင့်နားနဲ့ ကြားရတာကတော့ သရေကျခဲ့ပါသတဲ့၊ ဦးဆောင်ဂိုး စသွင်းခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရလို့ ၁-၁ နဲ့ပဲအဆုံးသတ်ခဲ့ရပါသတဲ့။ ဟင်း.... နိုင်လဲနိုင်ဘူး။ စံချိန်တင် ဆုကြေးတွေ ရစေချင် ပါတယ်ဆိုမှ... မချိတင်ကဲ မကျေမနပ်ရေရွတ်ရင်း...။
ဒါနဲ့ နှစ်ပေါင်းများစွာ အားပေးလာခဲ့တဲ့ မိုင်ထောင်ချီဝေးတဲ့ ဒေသက အချစ်တော်ကြီး မန်ယူကိုပဲ အားပေး တော့မယ်လို့ စိတ်ဒုံးဒုံး ချလိုက်ပြီး ၀က်စဟမ်း-မန်ယူ ပွဲကို စောင့်ကြည့်ခဲ့ပါတယ်။ စကားမစပ် အနားမှာ ကြည့်နေတဲ့ ခပ်လန်းလန်း ပုဂ္ဂိုလ် တစ်ယောက်က ဒေါ်လာဈေးတွေကျနေတယ်၊ ... အလုပ်,လုပ်ရတာ အဆင်မပြေဘူး..။ မန်ယူတစ်ပွဲ လောက်ရှုံးလိုက်ရင် ကောင်းမှာလို့ ပြောလိုက်သံကြားတော့ ..မန်ယူရှုံးရင် ဒေါ်လာဈေး တက်ရောလား ဘယ်လိုဆက်စပ်ပါလိမ့် ...ဥာဏ်မမှီတာနဲ့ ဆက်ပြီး မစဉ်းစားတော့ပါဘူး။
ပွဲစတော့ အိမ်ရှင် ၀က်စဟမ်းက သရေကစားဖို့ မှန်းထားတယ်ထင်ပါရဲ့ ..။ မန်ယူတိုက်စစ်ကို အကွက်ကျကျ ဖျက်ထုတ်နေတော့ မန်ယူဂိုးရဖို့ အတော်ရုန်းကန်နေရပါတယ်..။ ၀က်စဟမ်းရဲ့ ကစားပုံကို ကြည့်ခြင်းအားဖြင့် အနိုင်ရရေးထက် အနိုင်ဂိုးမပေးရရေးကိုသာ ဦးတည်နေလေတော့ မန်ယူတစ်ဂိုးသာ သွင်းနိုင်ရင် နိုင်မှာလို့ တွက်လိုက်မိတယ်။
မျိုးချစ်စိတ်ဓါတ်ရှိသော်လည်း အခွင့်အရေးမရလေတော့ နယ်ချဲ့တွေကိုပဲ အားပေးနေရဆဲ...။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့