ရာသီစာသီးနှံများကို ကျွန်တော်နှစ်သက်ပါသည်။ ရာသီအလိုက်သာ ထွက်ပေါ်သဖြင့် ရာသီချိန်စားခြင်းသည် ကျန်းမာရေးနဲ့လည်း ညီညွတ်သည် မဟုတ်ပါလား။ ချက်ပြုတ်ရန်မလို သော ရာသီအလိုက် သစ်သီးများကို ကျွန်တော်နှစ်သက်ပါသည်။ ဥပမာ- မာလကာသီး၊ ပန်းသီး၊ လိမ္မော်သီး၊ သရက်သီး၊ စသည်….စသည်..ဖြင့်ပေါ့လေ။
-၂-
မနေ့က မနက် ၄း၀၀ နာရီလောက်မှ အိပ်ပျော်သွား၏။ ထူးထူးဆန်းဆန်း အိပ်မက်,မက်၏။ ထူးဆန်းလိုက်တာ..။ကမ္ဘာကြီးပေါ်တွင် သက်ရှိဆို၍ ကျွန်တော် တစ်ယောက်ထဲ။ အရှေ့ကို လှမ်းမျှော်ကြည့်တော့ မိုးကုတ်စက်ဝိုင်းကြီးသာ မြင်ရ၏။ အနီးအနားမှာတော့ အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးတွေက ဟိုနားတချို့ ဒီနားတချို့။ ရပ်ကြည့်နေရင်း ကမ္ဘာကြီးက ယိမ်းထိုးလှုပ်ရှားလာ၏။ မိုးသက်လေပြင်းတွေ တဝေါဝေါ တိုက်ခတ်နေ၏။ သစ်ကိုင်းတွေ ကျိုးကျလာလိုက်တာကလည်း တဖြောင်းဖြောင်း။ ၀န်းကျင် တစ်ခုလုံး ဗြောင်းဆန် နေသည်မှာ..ကမ္ဘာပျက်သည့်အလား။ ဘုရား…ဘုရား… ဘာတွေ ဖြစ်ကုန်ပါလိမ့်၊ ကမ္ဘာကြီး တကယ်ပျက်သုဉ်းတော့မှာလား။…ကျွန်တော် ဘုရားတမိသည်။ ထိုအချိန်တွင်…
“ကမ္ဘာကြီး ပျက်ဆီးလို့ ပြန်ဖြစ်လာတဲ့ ကမ္ဘာသစ်မှာ ရှင်ကအာဒံအဖြစ် ဆက်ရှိနေဦးမယ်ဆိုရင်.. ရှင့်အနားက ဧ၀ဟာ ကျွန်မပါပဲ။”
ကြည်လင်ချိုသာပြီး စွဲမက်ဖွယ် ကောင်းတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော် အံ့သြစွာဖြင့် အသံရှင်ကို ရှာဖွေမိ၏။ အသံရှင်က ဆက်ပြော၏။
“ဒါပေမယ့် ကျွန်မရဲ့ အချစ်ကိုရချင်ရင်တော့ ရှင့်မှာပန်းသီးတစ်လုံး ပိုင်ဆိုင်ထားဖို့ လိုမယ်။”
… အသံပျောက်သွား၏။ ကျွန်တော်လဲ အိပ်ယာမှနိုးလာ၏။ မိုးတောင်လင်းပြီပဲ။
-၃-
အိမ်ရှေ့ထွက် ၀ရန်တာမှ အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ လမ်းမပေါ်မှာ လူတွေ၊ကားတွေ၊ သက်ရှိ၊သက်မဲ့တွေ ခါတိုင်းကဲ့သို့ ပုံမှန်ရွေ့လျှား စီးမျောလျှက်…။ သြော်… ကမ္ဘာကြီး မပျက်သေးပါ။ ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။ ပန်းသီးဘယ်တော့မှ မစားတော့ပါ။


إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့