မကြာသေးပါဘူး။ အထက်တန်းကျောင်း တစ်ကျောင်းက ဆရာမတစ်ယောက်နဲ့ တွေ့ဖြစ်တယ်။ လပါတ်စာမေးပွဲ အမှတ်တွေ ဖျက်နေတယ်။ ဆရာမဘေးက မေးခွန်းကိုစာရွက်ကို ကြည့်လိုက်တော့ လက်ရေးနဲ့ မိတ္တူဖြစ်တော့ ကျွန်တော် မနေနိုင်မထိုင်နိုင် လျှာရှည်လိုက်မိတယ်။
ဆရာမရယ် ဒီလောက် ကွန်ပြူတာတွေ ပေါများနေတဲ့ ခေတ်ကြီးထဲမှာ မေးခွန်းတွေ လက်ရေးနဲ့ ဖယောင်းဖေါက်ပဲ ပေးနိုင်သလားဗျာ။ . . . ဆိုတော့
ဟဲ့ . . . ငါတို့ရတဲ့ လခလေးနဲ့ ဘယ်လုပ်ပေးနိုင်မလဲဟဲ့ . . . တဲ့။ ကျွန်တော်လည်း အံ့သြစွာနဲ့
ဟင်… ဆရာမကလည်း ကျောင်းတိုင်းမှာ Multimedia Class-Room တွေရှိနေပြီလေ… ကွန်ပြူတာတွေ ဒီလောက်ပေါနေတာ မလုပ်ပေးနိုင်စရာ ဘာရှိလို့လဲ …? ထပ်ရှည်လိုက်ပြန်တော့
အဲဒါတွေက မထိမတို့ရဟဲ့… ပျက်သွားရင် ဘယ်သူမှ မလျော်နိုင်ဘူး။ ဟာ… ဆရာမကလည်း ပျက်စရာ ဘာရှိလို့လဲ။ အဲဒီစာသင်ခန်းတွေကို စနစ်တကျ အသုံးချဖို့ နိုင်ငံတော်က PGDMA သင်တန်းတွေပို့ချပြီး ဆရာတွေတောင် ခန့်ထားပေးတာဆို… ဆိုပြန်လေတော့ သူရိန်… နင်တော်တော် လျှာရှည်ပါ့လား။ နင်ပြန်မလား ငါမောင်းထုတ်ရမလားတဲ့။ ဒါနဲ့ပဲ ကျွန်တော်လည်း တပ်ဆုတ်ခဲ့ရတယ်။
ပြန်လာတဲ့ လမ်းတစ်လျှောက်လည်း ဘ၀င်မကျစွာ စဉ်းစားလာမိတယ်။ ကျွန်တော်သိထားတာ ကျောင်းတွေမှာ Multimedia Class-Room တွေ E-learning Centre တွေရှိနေပြီ။ ကျွန်တော်တို့တုန်းကလို မဟုတ်တော့ဘူး။ ကျွန်တော်မှတ်မိသေးရဲ့။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘ၀ လက်တွေ့ စမ်းသပ်ခန်းဆိုတာ စစ်ဆေးရေး လာမယ်ဆိုမှ ရောက်ဘူးတာ။ စာထဲမှာသင်ရတဲ့ microscope ဆိုတာ အဲဒီအချိန်မှ မြင်ရုံမြင်ဘူးတာ ကိုင်ခွင့်တောင် မရဘူး။ ဆရာအလစ်မှာ ခိုးကိုင်ခဲ့ရတာ။
ခုဒီလိုမဟုတ်တော့ဘူး။ ခေတ်မှီစာသင်ခန်းတွေ အဖြစ်ပြောင်းလဲဖို့ ပြင်ဆင်နေပြီ။ တချို့နေရာတွေ ပြောင်းလဲနိုင်လို့ ကျောင်းသားတွေ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နေပြီ ဆိုတာ ရုပ်မြင်သံကြားမှာ မကြာခဏ ဆိုသလို တွေ့နေရတာ။ နောင်ဆိုရင် electronic billboard တွေ e-book တွေ အဖြစ်ပြောင်းလဲတော့မှာမို့ လျှပ်စစ်အန္တရာယ် မဖြစ်ရလေအောင် လက်တွေ ရေမဆိုအောင်ထားဖို့ သတိပေးချက်တောင် သတင်းစာထဲမှာ ဖတ်ခဲ့ရသေးတယ်။ ဒီလောက် အပြောင်းအလဲတွေ လုပ်နေတာ ဒီမေးခွန်းလေးကို ကွန်ပြူတာ စာစီလေးတောင် မပေးနိုင်ဘူး ဆိုတာကို ကျွန်တော်စဉ်းစားရ ခက်စွာနဲ့ပဲ အဖြေမထုတ်နိုင်ခဲ့ဘူး။ ရှိစေတော့လေ ကျွန်တော်ကော ဘာတတ်နိုင်မှာလဲ သူ့အကြောင်းနဲ့ သူပဲပေါ့လို့ပဲ သဘောထားလိုက်ရ ပါတော့တယ်။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့