ဖြတ်သန်းခဲ့တဲ့ ချောင်းသာ ညနေ

အိပ်ရာနိုးလာတော့ ဗိုက်ကဆာလာပြီ။ လာပို့သွားတဲ့ ထမင်းတွေ၊ ဟင်းတွေဖွင့်ပြီး စားလိုက်ပါတယ်။ ပုစွန်ဟင်း၊ ကန်းစွန်းပလိန်း မီးခိုးသင်းကြော်၊ ချဉ်ပေါင်ရွက် မှန်ရောင်ဟင်းချို၊ (တုန့်ယန်းချက်လား ယိုးဒယားချက်လားတော့ မသိပါဘူး) ငါးပိထောင်း၊ တို့စရာနဲ့ စုံတော့စုံသား။ ဗိုက်ဆာတာရယ်၊ ဘာပဲစားစား စားလို့ဝင်နေတာရယ် ဆိုတော့ စားလို့တော့ ကောင်းသား။ ကြော်ငြာသွားသလောက် ထူးကဲမှု မရှိတာတော့ အမှန်ပဲ။ ၂၁ရာစုမှာ ကုန်စည် အရည်အသွေးထက် ကြော်ငြာခြင်းက ပိုမိုအရေးပါကြောင်း ကိုယ်တွေ့ခံစား သိရှိခဲ့ပါတယ်။

သောင်ပြင်ထက်က ဟော်တယ်တန်း

စားသောက်ပြီး ဗိုက်လေးတာနဲ့ ကမ်းခြေဘက် ဆင်းလာပြန်မိတယ်။ လေတဖြူးဖြူးနဲ့ နေကတော့ တော်တော် ပူတယ်။ ရေစိမ်တဲ့ သူတွေလည်း စိမ်နေတုန်း။ မနက်စောစောက ပြေးလွှားနေတဲ့ မြင်းတွေကတော့ နားနေကြပြီ။

နေပူလာတော့လည်း အနားပေးရတာပေါ့

ရေထဲဆင်းဖို့ နေပူတာနဲ့ ရွာထဲထွက်လာခဲ့တယ်။ ဟိုဒီလျှောက်ရင်း တွေ့တဲ့ လက်ဘက်ရည်ဆိုင် ၀င်ထိုင် လိုက်တယ်။ အနားက ဟော်တယ်တွေကို ကြည့်ရှုရင်း ဟိုငေးဒီငေး၊ ဟိုတွေးဒီတွေး။




ချောင်းသာ ဟော်တယ် အချို့

တော်တော်ကြာကြာ ထိုင်ပြီးတော့ညောင်းလာတာနဲ့ ပြန်လှည့်လာခဲ့တယ်။ အပြန်လမ်းမှာပေါ့ ရခိုင်ထမင်းဆိုင် ဆိုတာလေးတွေ့တော့ ၀င်တော့ထိုင်ကြည့်ချင်သား။ ဘာမှမစားချင်တာ ခက်တယ်။ နေပူနေတုန်း အပူအစပ်တွေ မစားချင်သေးဘူး။ ဒါနဲ့ပဲ မြင်သာ မြင်ရ၊ မကြင်ခဲ့ရတဲ့ ရခိုင်ဆိုင်လေး အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။ ဆိုင်ထဲက လူတွေ ကတော့ ဘာလုပ်တာလည်း ဆိုတာအကြည့်မျိုးနဲ့ လှမ်းကြည့်နေကြရဲ့။

မစားဖြစ်ခဲ့တဲ့ ရခိုင်ထမင်းဆိုင်လေး

လမ်းတလျှောက်ပြန်လာရင်း ကမ်းခြေ အမှတ်တရပစ္စည်း အရောင်းဆိုင်လေး တွေ့တော့ ၀င်ပြီးစပ်စု လိုက်သေး တယ်။ ဘာတွေအမှတ်တရ ၀ယ်ရမလဲ စဉ်းစားတယ်။

ပင်လယ်ကမ်းခြေ အမှတ်တရ ပစ္စည်းအရောင်းဆိုင်လေး

ကြုံသလို နေထိုင်နေတဲ့ ပုံစံမှာ ဒီအမှတ်တရ တွေက ကြာရင် အမှိုက်သာ ဖြစ်သွားနိုင်တဲ့ အတွက် ဘာမှထွေထွေထူးထူး မ၀ယ်ဖြစ်ပဲ၊ hand-ph တ၀င့်ဝင့်နဲ့ ဘော်ဒါ လေးတွေကို လက်ဆောင်ပေးဖို့ key-chain လေးတွေပဲ ၀ယ်လိုက်တယ်။ ၆ခု တစ်ထောင်ဆိုလား။

ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေ

ပြီးတော့ကမ်းခြေတလျှောက် ပြန်လျှောက်လာခဲ့တယ်။ နေတော့တော်တော် ကျသွားပြီ။

မစီးရဲပါဘူးဆိုမှာ ခေါ်လေမလား သံယောဇဉ်မပြတ် ပြန်လှည့်ခေါ်နေရဲ့

မြင်းမစီးရဲတာနဲ့ စက်ဘီး ငှားပြီး၊ ဟိုးအဝေးမှာ မြင်နေရတဲ့ ကျောက်ဆောင်ပေါ်က စေတီလေးဆီ စီးလားခဲ့တယ်။ စေတီအောက်မှာ လှိုဏ်ဂူလေးရှိပြီး အတွင်းမှာ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ထားပါတယ်။

ကျောက်ဆောင်ပေါ်က စေတီတော်

ကျောက်ဆောင်အောက်က ရုပ်ပွားတော်

ဘုရားဖူးပြီး ပြန်ထွက်လာတယ်။ လမ်းလျှောက်သူ၊ ဘောလုံးကန်သူ၊ မြင်းစီးသူ၊ စက်ဘီးစီးသူတွေ ဟိုနားတချို့၊ ဒီနားတချို့။

ကမ်းခြေတလျှောက် လမ်းလျှောက်ကြတယ်

ကမ်းခြေလေ တဖြူးဖြူးမှာ ယိမ်းနွဲ့နေတဲ့ အုန်းပင်တွေကလည်း ကမ်းခြေရဲ့ ယိမ်းသမလေးတွေလို့ တင်စားရမလား။ လှလိုက်ပါဘိ အိုဘယ့် ချောင်းသာ။

လေအသိမ်းမှာ ယိမ်းနွဲ့က ကမ်းခြေက ယိမ်းသမလေးတွေ

ခပ်းလှမ်းလှမ်းမှာ အသုံးမပြုတော့တဲ့ လှေပျက်တစ်စင်း တွေ့ရတယ်။ သူ့ဘ၀ရဲ့ နေ၀င်ချိန်တွေကို စောင့်စားရင်း လှိုင်းထန်လေကြမ်းလည်း အားနဲ့မာန်နဲ့ ကြင်လည်ခဲ့တဲ့ တစ်ချိန်က ပင်လယ်ပြင်ကြီးကို လွမ်းမောတသ နေသည့် အလား၊ ကမ်းခြေမှာ အလွမ်းတွေဝေ။ အတိတ်ဆိုတာ အရာရာတိုင်းမှာ ရှိတတ်တာပါပဲ။ ကြည်နူးစရာ၊ ပျော်စရာ၊ မောစရာ၊ ကြေကွဲလွမ်းဆွေးစရာ၊ ဆိုတာတွေကလည်း တစ်လှည့်စီ၊ တစ်ခါစီ ဖြစ်မြဲ၊ ပျက်မြဲ။ေ၀၀ါးစွာ လွင့်မျော လိုက်၊ ပြန်ပြီး ကြည်လင်သွားလိုက် . . .။

အထီးကျန် သိမ်ငယ်မှုများစွာရယ်

စက်ဘီးကို ဆက်စီးလာစဉ်မှာပဲ ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ ဖန်ဝါနေမင်းက အနောက်ဂေါယာ ကျွန်းဆီ စုံးစုံးနစ်မြုတ် သွားလေပြီ။ အဝေးဆီမှာ ဟော်တယ်တွေက ထွန်းထားတဲ့ လျှပ်စစ်မီးသီးတွေက တလက်လက်၊ မီးစက်သံ တခြုတ်ခြုတ်ကိုလည်း လေအလာမှာ တစ်ချက်တစ်ချက် ကြားရတယ်။ ခေတ်မကျော်လွှား နိုင်သေးတဲ့ လျှပ်စစ်စွမ်းအား ပေးဝေမှုစနစ်မှာ ချောင်းသာ ဟော်တယ်တွေလည်း ကိုယ့်အားကိုယ်ကိုး စီးပွားတိုးနေကြတာပဲ။

ဖေဖေ မေမေလာပါတော့ မီးမီးမျှော်လှပေါ့

ငှားလာတဲ့ စက်ဘီးအပ်ပြီး ကမ်းပေါ်ပြန်တက်လာခဲ့တယ်။ ပိုက်သိမ်းနေတဲ့ မိသားစုမှာ ပါလာတဲ့ ကလေးငယ် ကတော့ ကမ်းခြေကို မျှော်ငေးရင်း ပြန်လာမယ့် မိဘများကို စောင့်မျှော်နေရဲ့။ ကလေးတို့အနာဂတ် သာယာ ပါစေ။

ကမ်းစပ်က ဘောင်ပေါ်မှာ လေညှင်းခံရင်း တွေးရင်းတောရင်း မျက်လုံးတွေ စင်းလာတော့ အခန်းထဲပြန်ဝင်လာ အိပ်ရာဝင်ခဲ့ပြီး ချောင်းသာမှာ တစ်နေ့တာ လွန်မြောက်ခဲ့ပါ၏။

5 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ကီးချိန်းတစ်ခုဖယ်ထားပေးပါ။ အမှိုက်တွေ စုနေလို့။

    ReplyDelete
  2. ကလေးက ဝတုတ်နေတာပဲနော်

    ReplyDelete
  3. မိုက်စ်. . .
    ဟန်းနီးမွန်းကျရင် သွားမယ်။

    ReplyDelete
  4. မိုက်ပါ့။
    အရမ်းသဘောကျတာ ချောင်းသာကိုး

    ReplyDelete
  5. ကိုဇော်က ကြော်ငြာသွားတာပေါ့။ ကဲဟန်းနီးမွန်း လိုက်ချင်သူများ ကိုဇော်နဲ့ ဆက်သွယ်ကြပါ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1