ကောင်းကင်မှာ တိမ်တွေ စင်လို့
ရာသီဥတုက ကြည်လင်နေတယ်။
နေရောင်ခြည်က ရွှန်းလဲ့စွာဖြာကျ
လေတိုက်နှုန်းတော့ ကျနေတယ်။
အပူချိန်ခပ်ပြင်းပြင်း ကိုအံတုလို့
ပင်အိုထက်က ရွက်နုသစ်တွေ
မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်နေလေရဲ့။
ထုံးစံအတိုင်း မီးမလာပါ။
ထပ်ဆင့်တိုးလို့
အက်ဆစ်မိုးတွေ မရွာပါစေနဲ့။
မနေ့ကဆိုတာ မသိတော့ဘူး။
မနက်ဖြန်ဆိုတာ မရှိဘူး . . .
ဒီနေ့ရဲ့ အကွေ့အကောက်တွေမှာ
လိုရာကို ရောက်နိုင်ဖို့
တက်ကုန်ဖွင့်လို့ ရွက်ကုန်လွှင့်လို့။
လက်ပမ်းတော့ ကျချင်ချင် . . .။
I’m sailing လို့ Rod Stewart လို့ မကြွေးကြော်သလို
ငါဟာရွက်လွှင့် လို့ ဇော်ဝင်ထွဋ်လို မဟစ်အော်နိုင်ဘူး။
“ဥဩ…ဥဩ”
ဟော နွေရာသီရဲ့ လိုဂို
ဥဩငှက်ရဲ့ တေးသံချိုက
သာသာယာယာ ပျံ့လွင့်
နွေသရုပ်က ပိုပြီးသက်ဝင်လာခဲ့။
မြူးထူးနေတာလား၊ လွမ်းဆွေးနေတာလား
မဝေခွဲတတ်ဘူး။
ဥဩသံချို နွဲ့နှောင်း
ငဲ့ဆောင်းလို့ခံစားခွင့် ရတယ်ဆိုတော့
သေချာပါတယ်။
ငါ့ဘ၀သာယာနေသေးရဲ့။
မရေရာတဲ့ သုံးသပ်မှုတွေနဲ့
မသေချာတဲ့ ကောက်ချက် တွေဆွဲ…
မပြီးသေးတဲ့ နောက်ဆက်တွဲတွေထားခဲ့ပြီး
သွေးမြေကျတဲ့ မြန်မာ့အတာသင်္ကြန်
နှစ်သစ်ကို ၀မ်းနည်းဖွယ်ရာ ထားခဲ့ပြီ။
သွားသူတွေသွားလို့ ပြန်သူတွေပြန်
ကျန်သူတွေလည်း ကျန်နေဆဲ။
တစ်ချိန်ချိန်တော့ ငါလည်းအိမ်ပြန်ရမှာပေါ့။ ။
ကောင်းတယ။်
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့