သင်္ကြန်နဲ့ပါတ်သက်ပြီး ရေးမယ်ဆိုပြန်တော့ ပြန်စဉ်းစား ကြည့်တယ်။ ကျွန်တော်စာရေးဆရာ မဟုတ်။ ဖွဲ့နွဲ့သီကုံး မှုတွေ၊ အလင်္ကာတွေ၊ကဗျာတွေ သိပ်မရေးတတ်။ ပြီးတော့ သင်္ကြန်နဲ့ ပါတ်သက်ပြီး ဘာတွေသိလည်း၊ ဘာတွေရှိလည်း ပြန်စဉ်းစား ကြည့်တော့လည်း မြန်မာ့ရိုးရာ အတာသင်္ကြန်သည် ပုဂံခေတ်က စတင်ခဲ့တယ် ဆိုတာလောက်ပဲ ကြားဘူး နားဝရှိခဲ့။ နှစ်ဟောင်းမှ စွန်းထင်းညစ်ပေမှုများ နှစ်သစ်သို့ ပါမလာစေရန် အတာရေနဲ့ ဆေးကြောကြတယ်လို့ အစဉ်အဆက် လက်ခံလာကြတဲ့ ဆိုစကားတွေ ပြန်ရေးပြနေလို့ကော ဘာထူးမှာလဲ။
ဆန့်ကျင်ဘက် စဉ်းစားကြည့်ပြန်တော့ မဟုတ်တာတွေ အကုန်လုပ်၊ ရေးဆေးရုံနဲ့ ပျောက်ရောလား။ ခက်တော့ ခက်သားလား။ အဲလိုပြောရင် တော်တော်ဂွကျတဲ့ကောင်ပဲလို့ ပြောကြတော့မယ်။ မဟုတ်တာတွေ ကတော့ လုပ်နေ ကြတာပဲ။ လုပ်နေကြမှာပဲ။ ခဏတာပဲ ဖြစ်ဖြစ် စိတ်သန့်ရှင်းနေရင် အဲဒီနေ့အတွက် မကောင်းပေဘူးလား။ အဲလိုနေ့တွေ များလာရင် မဟုတ်တာ လုပ်တာတွေ နည်းမသွားနိုင်ဘူလား။ မဟုတ်တာတွေ လုပ်မယ့်နေ့ရက်တွေ နည်းပါသွားစေဖို့ လှုံ့ဆော်အသိပေးတဲ့ နေ့ရက်တွေအဖြစ် သတ်မှတ် ကျင်းပတဲ့ပွဲလို့ မမြင်သင့်ဘူးလား။ အင်း . . မြင်ချင်သလိုသာ မြင်ကြပါလေ။ ဒါဟာ.. လူ့အခွင့်အရေး မဟုတ်လား။
ဘာတွေရေးရင် ကောင်းမလဲ စဉ်းစားကြည့်တယ်။ ငယ်ငယ်တုန်းကတော့ ဒီလိုမျိုးတွေ သိပ်ရေးချင်တာပေါ့…။
မြူခိုးငွေ့တို့ အုံ့မှိုင်းရစ်ဆိုင်း ဝေလေပြီ။ နေရှိန်ပြင်းပြင်း အောက်မှာ ရော်ဝါရွက်တို့က တဖွဲဖွဲ၊ ဥသြသံက တချွဲချွဲ။ သြော် . . . လွမ်းမောစရာ ကောင်းပါဘိတော့။ ရိုးတံပြိုင်းပြိုင်း ပင်အိုတို့ လှချင်းပြိုင်သော လွမ်းစရာ့ နွေပါတကား။
ဘာရယ်တော့မဟုတ် ဟိုတုန်းကတော့ အဲဒီလိုတွေ ရေးလိုက်ရလျှင်၊ ဟုတ်သလိုလို။ အဲဒီအချိန်ကတော့ ဟုတ်ပါသည်။ အလိုလို နေရင်း လွမ်းတတ်နေတာကိုး..။ ဘာပဲဖြစ်ဖြစ်လေ သင်္ကြန်ကိုတော့ လူကြီး၊လူငယ်မရွေး ရင်ခုန်ကြသည်ပဲ မဟုတ်လား။
အရောင်းအ၀ယ် သမားများ သင်္ကြန်ကိုရင်ခုန်ကြသည်။ သင်္ကြန်နားနီးလျှင် ဈေးရောင်းကောင်းတယ် မဟုတ်လား။ စားသုံးသူတို့လည်း ရင်ခုန်ရတာပါပဲ။ ဘယ်နေရာမှာ ဘာတွေကို မဟာသင်္ကြန် အထူး လျှော့ဈေးတွေ ရောင်းမှာလဲ၊ အမှန်အကန် လျှော့မှာလား။ သင်္ကြန်ပြီးရင် ဘာတွေ ဈေးတက်မှာလဲ စသဖြင့်စသဖြင့်ပေါ့လေ။
ဝန်ထမ်းတွေလည်း သင်္ကြန်ကို ရင်ခုန်ကြတာပဲ။ ပိတ်ရက်ဆယ်ရက်တောင် ရသည်ကိုး။ ပူပြင်းတဲ့ နွေခေါင်ခေါင် ကနေ ဆယ်ရက်လောက် အနားရတာ နဲတာမှတ်လို့။ အဆူအဟောက်၊ အမာန်အမဲတွေကနေ ကင်းဝေးလို့ တစ်ချို့လည်း တရားစခန်းတွေ ၀င်လို့ပေါ့။
သင်္ကြန်ကို အဝေးပြေးကား လိုင်းတွေလည်း ရင်ခုန်ကြသည်။ အရင်အချိန်တွေလို ခရီးသည်ကို လိုက်စွဲစရာ မလိုသည့် အပြင် ဒီရက်ဆိုလျှင် ခရီးစရိတ်က ခေါင်းမာမာနှင့် ကြိုက်ဈေး တက်နိုင်တယ်လေ။ ပြီးရင် ပြန်မကျတော့။
လူငယ်တွေ သင်္ကြန်ကို ရင်ခုန်ကြသည်။ လူ,မငယ်တွေလည်း ရင်ခုန်တာပါပဲ။ ဒီကာလမှာ စိတ်ကြိုက်ကဲ၊ စိတ်ကြိုက်ကွဲ ခွင့်ကို ခွင့်ပြုချက် ရထားသလို လွတ်လပ်ကြသည် မဟုတ်လား။ ဘယ်သူတွေ ဘာပြောပြော ဒါသင်္ကြန်ပဲ ဆိုသော စကားနှင့် ရှောင်တိမ်းလို့ ရနေကြသည်လေ။
အုပ်ထိန်းသူ၊ မိဘတွေလည်း ရင်ခုန်ကြသည်။ သင်္ကြန်လည်သော ဘယ်သားက ဘာတွေဖြစ်လာမလဲ၊ ဘယ်သမီးကော ဘာတွေဖြစ်လာမလဲ စိုးရိမ်ရသည်ပေါ့။
သင်္ကြန်ကို ကျွန်တော်လည်း ရင်ခုန်မိပါသည်။ တန်ခူးလ သင်္ကြန်ပွဲ၊ ဆိုပြီး ငယ်ငယ်ကတည်းကမှတ်သားခဲ့ရသော အတာသင်္ကြန် ရေသဘင်ပွဲတော်ကြီးကာ ယခုနှစ်တွင် ထူးခြားစွာ၊ ကဆုန်လဆန်း တစ်ရက်မှ ကျသည်လေ။ သကြားမင်း 2010 မှာ ဘာတွေ အရေးပေါ်တွေရှိလို့ နောက်ကျသွားတာလဲ။ ဘာတွေ ပြောင်းလဲမှာလည်း။ ရင်ခုန်မိပါသည်။
အင်း . . . တွေးကြည့်လိုက်တော့ ရင်ခုန်သူတွေ များလှပါသည်။ ရင်ခုန်သံတွေတော့ တူကြမယ် မထင်။ မကောင်းမှု ကောင်းမှု ဆိုတာကတော့ နေရာတိုင်းမှာ တွဲလျှက်ပါပဲ။ ကောင်းမွန်သော ရင်ခုန်သံတွေ ပြည့်လျှမ်း နေသော ၁၃၇၂ ခုနှစ် ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါ၏။
နီးရင်ပျော်တာဘဲ။
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့