ဒီဇင်ဘာလ၊ ဆောင်းရာသီရဲ့ အချမ်းအေးဆုံးကာလ တစ်ခုပါ။ ရန်ကုန်မြို့ထဲက အနွေးထည်ကြော်ငြာ ဆိုင်းဘုတ် တွေတော့ ပျောက်ကုန်ကြပြီ။ သြော်... ရန်ကုန်ဆောင်းရဲ့ ချမ်းအေးမှုကိုသာတွေ့ရရင် ချမ်းပုံမှာ ကမ်းကုန် ရစ်တာမို့ မန်းတုံအောင် လမ်းဆုံးက ဟစ်ချင်တဲ့ အချုပ်တန်းဆရာဖေတစ်ယောက် feel ပျက်သွားမှာ မြင်ယောင်သေးရဲ့။
ညကထုံးစံအတိုင်း အိမ်ပြန်နောက်ကျတယ်။ လှေကားကနေ တက်လာရင်း တံခါးကို အသာအယာ ဖွင့်လိုက်တယ်။ ကျန်တဲ့သူတွေ အိပ်ကုန်ကြပြီလေ...။ အချိန်လဲ တော်တော် လင့်နေပြီပဲ။ တစ်ခါးဖွင့် အခန်းထဲ ၀င်လိုက်တယ် ဆိုရင်ပဲ ဖြတ်ခနဲ မှောင်ကျသွားတယ်။ ပြန်ကောက်လို့ မရတဲ့ စိတ်ဓါတ်က ထပ်ပြီး ကျွံဝင်သွားလေရဲ့။ ပူလောင် အိုင်စပ်လာလို့ အ၀တ်အစားတွေ အကုန်ချွတ်.. (ပုဆိုးလေးတော့ ချန်ထားပါတယ်။) အနားမှာရှိတဲ့ ဂျာနယ်ဟောင်း တစ်စောင်ကို စွမ်းအင်မလိုတဲ့ ပန်ကာအဖြစ်အသုံးချရင်း လက်ညောင်းလာတော့ အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ ဖူဂျီယာမ တောင်ခြေမှာ နှင်းလျှောတွေစီးရင် ပျော်နေမိသေးရဲ့။ စိမ့်ကနဲ အေးလာလို့ လန့်နိုးလာတယ်။ ပန်ကာကို အဆုံးထိဖွင့်ပြီး ပြန်ပိတ်ဖို့ မေ့သွားကြတယ် ထင်ပါရဲ့...။ ဗီဇာမလို လေယာဉ်လက်မှတ်ဖိုးမလိုပဲ အလကားပျော်ရတဲ့ အိပ်မက်ကလေးကို နှမြောလိုက်တာ။ အင်း မီးတောင်လာပြီပဲ။ ညကစိမ်ထားလိုက်တဲ့ အ၀တ်တွေ လျှော်ရဦးမယ်၊... ပျင်းနေလို့ မဖြစ်သေးဘူး။ ဆိုပြီး အိပ်ရာထဲက လူးလဲထ... နာရီဝက်မြန်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ခြောက်နာရီ....။ ဟ..... ဟုတ်ရဲ့လား နေတောင် ဒီလောက် မြင့်နေတာ သေချာပြန်ကြည့်တော့ စက္ကန့်တံလေးက မလှုပ်တော့ ..။ သြော်... ဓါတ်ခဲကုန်နေပြီကိုး။ လက်ပတ်နာရီ မပတ်လေတော့ ( ရှိလည်းမရှိဘူးလေ)။ မခင်ဦးမေလို ဖုန်းတွေ သုံးလေးလုံး မပြောပါနဲ့ တစ်လုံးတောင် မရှိလေတော့၊ ကွန်ပြူတာ ထဖွင့်ပြီးနာရီ ကြည့်ရတယ်။ အင်း.... 11နာရီတောင် ထိုးပြီပဲ။
အ၀တ်လျှော်ဖို့ ရေချိုးခန်းထဲဝင်... ဟင်.. ရေလဲမရှိပြန်ဘူး။ ရေတင်ဖို့မော်တာဖွင့် ရေစွဲသံမကြားရ.. သြော်... ရေလည်း မလာပြန်ဘူးကိုး။ ဒါနဲ့ ရှိတဲ့ရေကိုပဲ စစ်ထုတ်.. စောစောထ၊သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အ၀တ်လဲပြီး အပြင်ထွက်လာခဲ့တယ်။ ဗိုက်ထဲမှာ Dj တွေပွတ်နေလို့ သူ့ကိုငြိမ်အောင် စဉ်းစားလိုက်တယ်။ Cbox မှာတော့ ဟိုဟင်း စားတယ်၊ ဒီဟင်းစားတယ် စိတ်ကူးထဲရှိရာ ကောင်းနိုးရာရာတွေကို မစားရ၀ခမန်း ကြွားနေပေမယ့် လက်တွေ့မှာတော့ လမ်းဘေးက လက်ဖက်ရည်ဆိုင်မှာ ဇွန်းမတတ်တဲ့ လက်ဖက်ရည်ကို အီကြာကွေးတစ်ချောင်းနဲ့ တို့စားရင်း အနီရောင် ပတ္တမြားတစ်လိပ်ကိုခဲ၊ တောင်ငေး၊ မြောက်ငေး၊ အရှေ့ငေး၊ နောက်ငေး။
ရှေ့တည့်တည့်မှာ မူကြိုကျောင်းလေး ဖွင့်ထားတယ်။ ကလေးတွေ အများကြီးပဲ ဆော့နေကြရဲ့။ ကလေးတွေကို ထိုင်ငေးနေတုန်း ရုတ်တရက် ကလေးတစ်ယောက် ပြေးထွက်လာပြီး ပိတ်ထားတဲ့ သံတခါးကိုခဲချွန်ဓါးနဲ့ ကြိတ်လှီးနေတယ်။ သြော်... ကလေးဆိုတာ အတုမြင်၊ အတတ်သင်တဲ့၊ ဓါေးသွးနေတာ ထင်ပါရဲ့လို့ တွေးလိုက်မိတယ်။ ကြိတ်လှီးနေရင်းက ဒေါသတွေထွက်လာပြီး ဒါနဲ့ သံပန်းတစ်ခါးကို ဆောင့်ဆောင့် ခုတ်နေလေတော့ ဟိုက်... ဒီကလေး တယ်အကြံကြီးပါလား တံခါးကို ဖျက်ပြီးထွက်ဖို့ ကြံစည်နေပုံရတယ်။ မဖြစ်ချေဘူး .. မတော်တဆ ရှသွားရင်ဒုက္ခ။ အထဲကဆရာမကလည်း သတိပြုမိပုံ မရဘူး။ ဘာသာတွေးပြီး တံခါးရှေ့လျှောက်လာ ဆရာမကို လှမ်းခေါ်လိုက်မိတယ်။ လျှင်လိုက်တဲ့ ကလေး၊ ဓါးလေးကို အသာပြန်ခေါက် ဘောင်းဘီအိတ်ထဲ ပြန်ထည့်ပြီး ဆရာမကို မျက်နှာချိုတောင် သွေးလိုက်သေး။ ဆရာမကို အကြိုးအကြောင်း ပြောပြတော့ ဆရာမလဲ စိုးရိမ်တကြီး၊ ဓါးကို ပြန်သိမ်း လက်ဆွဲခေါ်သွားတော့ ... ယက်ကန်၊ယက်ကန်နဲ့ နောက်ပြန်လှည့်ကြီးပြီး လက်သီးထောင်ပြသွားလေရဲ့..။ သေပြီဆရာ....။
အင်း.... ကိစ္စရှိသေးတယ်..။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး စဉ်းစားရင်း၊ လက်ဖက်ရည်ဖိုးရှင်း ပန်ဆိုးတန်းဘက် ထွက်လာခဲ့တယ်။ လမ်းဆုံကို လှမ်းမျှော်ကြည့်လိုက်တော့ မော်တော်ယာဉ်တွေက နန်းညီဆွဲတဲ့ vector graphic တစ်ခုလို စီးမျောရွေ့ရှားနေတာ ကြည့်ပြီး၊ .. အင်း.. မီးပွိုင့်တော့ မဲနေပြန်ပြီလို့ ပြေးမကြည့်ပဲ အတွေးနဲ့ သိလိုက်တယ်။ (သြော်.... ငါတောင် တော်တော် ပညာရှိလာပြီပဲ။)
ကိစ္စအတွက်ရုံထဲကို ၀င်လာ၊ ရှေ့မှာတွေ့တဲ့ စားပွဲ တစ်ခုဆီမှာ ပါလာတဲ့ စာရွက်ကလေးကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ၊ လေးလေးစားစား ထုတ်ပြလိုက်ပါတယ်။ မော့တောင်မကြည့်ပဲ ဟိုစားပွဲ သွားပါဆိုပြီး လက်ညှိုး ထိုးပြတာနဲ့ ဟုတ်ကဲ့ခင်ဗျ ဆိုပြီး စာရွက်ကလေးကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ လေးလေးစားစား ပြန်သိမ်းလို့ ညွှန်ပြတဲ့ စားပွဲဆီကို ဆက်လျှောက်လာခဲ့တယ်။
စားပွဲရှေ့ရောက်တော့ စာမေးခံရမယ့် ကျောင်းသား တစ်ယောက် ဆရာရှေ့ရောက်နေသလို ခပ်ရို့ရို့လေး ရပ်နေမိတယ်။ တအောင့်လောက်ကြာတော့မှ ဘာကိစ္စလဲတဲ့ မျက်မှန်ကို ဟန်ပါပါ ပင့်တင်ရင်း မေးလာ လေတော့ ပါလာတဲ့ စာရွက်ကလေးကို ထုတ်ပြ လိုက်ပါတယ်။ အရှေ့ကြည့် အနောက်ကြည့်၊ မျက်မှောင် ကျုတ်ပြီး ဖင်တပြန်၊ ခေါင်းတပြန်ကြည့်ပြီး ဘာတွေမှန်းတော့ မသိဘူး ခပ်သော့သော့ ရေးပြီး၊ ဟိုစားပွဲသွားပါလို့ ထပ်ညွှန်ပြန်တယ်။ ဟုတ်ကဲ့ ခင်ဗျလို့ ... ပြောပြီး နောက်စားပွဲဆီကို ဆက်လျှောက်လာခဲ့တယ်။

ရိုရိုသေသေပါပဲ၊ စာရွက်ကလေးကို ထုတ်ပြလိုက်တယ်၊ ဟိုခုန်မှာ ခဏထိုင်စောင့်ပါတဲ့ ... ရှေ့မှာရှိတဲ့ ထိုင်ခုံလေးကို ညွှန်ပြတာနဲ့ ဟုတ်ကဲ့ခင်ဗျ ဆိုပြီးတော့ပဲ ထိုင်ခုံမှာထိုင်ရင်း မနေ့က လင်းကြယ်စင် လက်ဆောင် ပေးတဲ့ တရားစာအုပ်ကို ထိုင်ဖတ်နေလိုက်တယ်။ သံသရာမှာ ကိုယ့်အတွက် ပါဖို့လိုသေးတယ်လေ..။ အချိန်ကို အကျိုးရှိရှိ အသုံးချမှလို့ တွေးရင်းစဉ်းစားရင်း ဟဲ....ဟဲ။ ဘာမှလဲ လုပ်လို့မရဘူးလေ.. စောင့်ဆိုတော့လဲ စောင့်ပေါ့။ ဘယ်လောက် ကြာသွားတယ်မသိ၊ စာဖတ်နေရင်း မျက်လုံးညောင်းလာတာနဲ့ နံရံက နာရီကို လှမ်းကြည့်လိုက်တော့ နေ့လည်နှစ်နာရီ။ ညောင်းလာတာနဲ့ ရုတ်တရက် ထလိုက်တော့..
"ဒုန်း"
အားပါး 2012 ထဲရောက်သွားလေပြီလား၊ ကြယ်တွေ၊ လတွေ၊ ဂြိုလ်တွေ စကြာဝဠာကြီး တစ်ခုလုံး မြင်လိုက် ရတယ်။ ကိုယ့်ကိုယ်ကို ပြန်ထိန်းပြီး ဘာဖြစ်သွားပါလိမ့် ကြည့်လိုက်တော့ လေတိုက်ပြီး ရမ်းနေတဲ့ ဆိုင်ဘုတ်နဲ့ ခေါင်းနဲ့ တိုက်မိသွားတာကိုး။ ဖတ်ကြည့်လိုက်တော့Customer Satisfaction is Our Business ပါတဲ့ ။
ငါတော်တော် နမောနမဲ့နိုင်တာပဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မယ် လုပ်ပြီးကာမှ စောစောက ဖတ်လိုက်တဲ့ အဆိုအမိန့်လေးကို သတိရလိုက်မိတယ်။
လောကမှာ သဘောထားသေးတဲ့ သူတွေက သူများကို အပြစ်တင်ကြတယ်။ သဘောထားကြီးတဲ့ သူတွေက ကိုယ့်ကိုယ်ကို အပြစ်တင်ကြတယ်။ ပိုပြီး သဘောထားကြီးတဲ့ သူတွေကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ဘူးတဲ့။
ဒါနဲ့ပဲ.... ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပဲ စောစောက စားပွဲဆီကို ပြန်လာခဲ့ပါတယ်။ ကျွန်တော်ပိုပြီး သဘောထား ကြီးလာပြီပဲ။
ကျွန်တော်ကိစ္စလေး ပြီးသွားပါပြီလား ခင်ဗျာ။ လေးလေးစားစားပဲ မေးလိုက်ပါတယ်။ တာဝန်ခံ ထမင်းစားသွားတာ ပြန်မရောက်သေးလို့ စောင့်ပါတဲ့။ ဟာဗျာ.... စောစောက ပြောရောပေါ့... ဒီမှာ တစ်ချိန်လုံး ထိုင်စောင့်နေပြီးမှလို့ မကျေမနပ် အပြစ်တင်ရင်း ထိုင်ခုံပေါ် ပြန်ထိုင်လိုက်မိတယ်။ ကျွန်တော် သဘောထား သေးသွားပြန်ပြီ။
ထိုင်းရင်းနဲ့မှ ... အေးလေ၊ ငါကိုက ၀ိရိယ မရှိပဲ ထမင်းစားချိန်ကို လာတာကိုး၊ ဒီလောက်တော့ သည်းခံရမှာပေါ့ လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း စောင့်လက်စ ဆက်စောင့်လိုက်ပါတော့တယ်။ ကျွန်တော် သဘောထားကြီး သွားပါပြီ။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့