ပိုမိုကောင်းမွန်တဲ့ အနာဂါတ်တစ်ခု လူတိုင်းစိတ်ကူး မျှော်လင့်ကြတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်လာတာတွေနဲ့ မမျှော်လင့်ပဲ ဖြစ်လာတာတွေ အချိုးချကြည့်ပါလား။ မျှော်လင့်သလို ဖြစ်တာတွေက x, မဖြစ်တာ တွေက y လို့ ဆိုပါဆို့။
x/y > 1 ဆိုရင် ခင်ဗျားတော်တဲ့ လူတစ်ယောက်လို့ သတ်မှတ်ရမှာပါ။ ခင်ဗျားဟာ (၁)အခြေအနေကို သုံးသပ်နိုင်စွမ်း မြင့်မားတယ်၊ (၂)ကောင်းမွန်တဲ့ ပါတ်ဝန်းကျင်ရှိတယ်။ (၃)လူမှုဆက်ဆံရေး ညက်ညောတယ်၊ (၃)စည်းရုံးရေးစွမ်းရည် ကောင်းတယ်၊ (၄)ဖန်တီးနိုင်မှု စွမ်းအားကောင်းတယ်၊ (၅)အားကောင်းတဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှုရှိတယ်။ (၆) ကံကြမ္မာကလည်း မျက်နှာသာပေးတယ် လို့ပြောနိုင်ပါတယ်။ ဒီအချက်တွေဟာ ကျွန်တော်တို့ ထုစစ်နေတဲ့ အနာဂါတ်ကို ရုပ်လုံးကြွလာအောင် အဆင့်တစ်ဆင့်ချင်းစီမှာ သုံးစွဲရတဲ့ ကိရိယာလေးတွေ မဟုတ်လား။
x/y = 1…။ ဒါဆိုရင် နေပျော်တဲ့ ဘ၀ပဲ။ မဆိုးလှပါဘူး။ ကျွန်တော်တို့ရဲ့ ကိရိယာတွေ တစ်ခါတစ်ရံ ချွတ်ယွင်းတတ်တော့ ပုံထွက်ကောင်းတာ ရှိသလို၊ ဈေးကွက် မ၀င်တာလဲ ရှိတတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အခါလည်း ပျော်ရ၊ အလုပ် မဖြစ်တော့လဲ ပစ်ရတဲ့အခါလည်း ပစ်ရပေါ့လေ။ ဒါပေမယ့် အရှုံးအမြတ် မျှလေတော့ မထောင်းသာလှဘူး။ များသော အားဖြင့်တော့ ၅ နဲ့ ၆ ကြောင့်ပေါ့။ ဒါတွေကတော့ ခင်ဗျားရဲ့ အတိတ်ဘ၀ကံလို့ပဲ ဆိုရမှာပဲ။
x/y < 1..။ ခင်ဗျား ရေရှည်သွားရင်တော့ သေချင်စိတ်တွေပဲ များနေမယ်။ လွယ်ပါတယ်။ ကိရိယာ လေးတွေ နဲနဲ ပြန်သလိုက်ဗျာ။ အဆင်ပြေသွားမှာပါ။ မြန်ဖို့တော့လိုမှာပေါ့။ ဒါမှ ဈေးမကွဲခင် ဈေးကွက် ပြန်တင် နိုင်မယ်လေ။ နို့မဟုတ်ရင်တော့ . . .။ မင်းကဆရာကြီးလား၊ ဘာတွေဘယ်လောက်သိလို့ လူတတ်ကြီးလုပ်ပြီး ညွှန်ကြားချက်တွေ ပေးနေတာလဲ မေးလာလျှင် မြင်သမျှ၊သိသမျှလေး ဖောက်သည်ချ မိပါသည်ဟု မှတ်ယူပါလော့။ ဒါဆိုရင် မင်းပြောတဲ့ အချိုးတန်ဖိုး မင်းမှာ ဘယ်လောက်ရှိသလဲ မေးလာလျှင် ဟုတ်ကဲ့ ကျွန်တော်ဖြေပါမည်။
ကျွန်တော်ကိုယ် ကျွန်တော် တိုင်းတာလိုက်သောအခါ (x/y)-----------> 0 ။
ဘာကြောင့်လဲ မမေးပါနှင့် လုံးဝမဖြေပါ။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့