ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကျွန်တော်တို့ကျောင်းက ဆရာဆရာမများနဲ့ ကျောင်းသူကျောင်းသားတွေ ခရီးတစ်ခု ထွက်ခဲ့ပါတယ်။ ကျိုက်ထီးရိုးကိုပါ။ နှစ်စဉ်သွားခဲ့တဲ့ ခရီးတစ်ခုဖြစ်ပြီး ဒီနှစ်လဲ အစဉ်အလာမပျက် သွားခဲ့ပါတယ်။ သင်ခန်းစာတွေ၊ စာမေးပွဲတွေနဲ့ အမြဲလုံးထွေးနေရတဲ့ ကလေးတွေ အတွက်ကတော့ တခဏ လွတ်လပ်မှု ရခဲ့ကြလို့ တော်တော် ပျော်ရွှင်ခဲ့ကြတာ တွေ့ရတော့ ကိုယ်လဲ ကြည်နူးခဲ့ရတယ်။
ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသားအာလုံး တစ်ရာကျော်ပါဝင်တဲ့ ကျွန်တော်တို့ အဖွဲ့ ဘုရားဖူးယာဉ် နှစ်စီးနဲ့ ထွက်ခဲ့ပါတယ်။ ကားစထွက်တယ်ဆိုရင်ပဲ သီချင်းဆိုသူကဆို ကသူက,က နဲ့ ပျော်နေကြတော့တာပဲ။ ဒီလို လွတ်လွတ်လပ်လပ် ပျော်ခွင့်ရတဲ့ အချိန်ကလည်း သူတို့လေးတွေအတွက် တော်တော်တော့ ရှားပါးသား။
တစ်ညလုံး ဆိုကြ၊ကကြနဲ့ ထွက်လာလိုက်တာ ပင်ပန်းသွားကြပြီး အိပ်မယ်လုပ်တော့ ကင်မွန်းစခန်းကို ရောက်ရော၊ ကင်မွန်းစခန်းရောက်တော့ နံနက် ၃နာရီရှိပြီ။ ကြိုတင်စီစဉ်ထားတဲ့ ဆိုင်တစ်ခုမှာ ခဏ နားလိုက်ကြတယ်။ တစ်ချို့လဲ အိပ်ကြတာပေါ့။ တစ်ညလုံး မအိပ်ရတော့ ဟန်မဆောင်နိုင်ကြတော့ဘူး။ နားလည်းနား အိပ်လည်းပျော်ပဲ။ ညတွေအိပ်လေ့မရှိတဲ့ ကျွန်တော်ကတော့ ထုံးစံအတိုင်း လက်ဖက်ရည် သောက်ရင်း ကင်မွန်းစခန်းရဲ့ နံနက်ခင်းအလှကို တစိမ့်စိမ့်ကြည့်ရင်း ခံစားနေမိတယ်။ အရင်ရက်တွေ ကတော့ ဒီအချိန်မှာ စအိပ်တာဆိုတော့ နံနက်ခင်းတွေ မမြင်ဘူးတာ တော်တော်ကြာပေါ့။ တစ်ခါတရံ မြင်ခဲ့ရတဲ့ ရန်ကုန် နံနက်ခင်းတွေကလည်း ဈေးသည်၊ဈေးဝယ် ရောင်းသံ၊၀ယ်သံ၊ ကားသံတွေနဲ့ ဆူညံနေတာများတော့ ထူးထူးခြားခြား ခံစားမနေမိဘူး။ အခုတော့ ဘာမှလဲ လုပ်စရာမရှိ၊ အိပ်လို့လဲ မရတော့ နံနက်ခင်းအလှကို ခံစားရင်း ဓါတ်ပုံတွေ လျှောက်ရိုက်နေမိတော့တယ်။
မိုးစင်စင် လင်းပြီဆိုတော့ ကလေးတွေနှိုးပြီး၊ မျက်နှာသစ်၊ ခြေလက်သန့်စင်ခိုင်း၊ တစ်ချို့လဲ ရေချိုးကြတယ်။ ရာသီဥတုကတော့ ရန်ကုန်မှာထက် အေးတာအမှန်ပဲ။ ရန်ကုန်ဆောင်းကတော့ ဘယ်တုန်းကမှ ပီပီပြင်ပြင် မအေးခဲ့ပါဘူးလေ။ ပြီးသွားတော့ တည်းတဲ့ဆိုင်မှာပဲ နံနက်စာစားပြီး၊ ရသေ့တောင်အထိ ကားနဲ့ တက်ခဲ့ကြတယ်။ လမ်းမှာ အဆင်းကားတွေလာတုန်း နားရတဲ့နေရလေးကလဲ တော်တော်သာယာပါတယ်။ ရေတံခွန်အသေးစားလေးက ပင်ပန်းလာတဲ့ စိတ်ကို ကြည်နူးစေတာတော့ အမှန်ပဲ။ ဒီရေစီးနှုန်းကို အသုံးချ လိုက်ရင် 5 kw ဒိုင်နမိုလောက်တော့ လည်နိုင်တယ်လို့ natural resources တွေကို အကျိုးရှိရှိ အသုံးချဖို့ တွေးလိုက်မိသေး။ ငါလို လူမျိုးတွေများရင် ဗမာပြည်ကြီး မီးတွေလင်းထိန်နေမှာလို့ ကိုယ်ဘာသာကိုယ် အပြတ်ချီးမွမ်း ပစ်လိုက်တယ်။
တောင်ပေါ်ရောက်တော့ မြူနှင်းတွေဆိုင်းနေတဲ့ တောင်ထိပ်ဟာ တကယ့်ကို မေ့လို့မရတဲ့ အမှတ်တရ မြင်ကွင်းတစ်ခုပဲ။ တောင်တက်ခဲ့ရလို့ မောခဲ့ပေမယ့် ရောက်သွားတော့လဲ စိတ်ထဲမှာ တော်တော်ကြည်နူး သွားခဲ့တယ်။
ရသေ့တောင်ကနေ ဘုရားရှိတဲ့ ရင်ပြင်တော်ဆီကို အဖွဲ့တွေခွဲပြီး ခြေလျင်တက်ခဲ့ကြတယ်။ တော်တော်တော့ မောသား။ လမ်းတစ်လျှောက် ကလေးလေးတွေ ပုံစံအမျိုးမျိုးနဲ့ ချစ်စဖွယ်မျက်နှာလေးတွေနဲ့ ဘုရားဖူးတွေ လာရင် လိုက်ပြီးငေးနေတတ်ကြတယ်။ Counter Strike သူတို့မသိပါဘူး၊ Dota သူတို့ မကြားဖူးပါဘူး။ ခေတ်မှီ ကစားကွင်းတွေ မြင်ဖူးဟန်မရှိပါဘူး။ အထူးအဆန်း ကစားစရာတွေ သူတို့မှာ မရှိကြပါဘူး။ နည်းမျိုးစုံနဲ့ ဈေးကွက်ထဲမှာ ကြော်ငြာနေတဲ့ အဟာရတွေ စားသုံးရဟန်မရှိပါဘူး။ တောက်တောက်ပပ မ၀တ်စား နိုင်ပါဘူး။ ဒါပေမယ့် ချစ်ဖို့တော့ ကောင်းတယ်။
တောင်ပေါ်ရောက်တော့ မြူနှင်းတွေဆိုင်းနေတဲ့ တောင်ထိပ်ဟာ တကယ့်ကို မေ့လို့မရတဲ့ အမှတ်တရ မြင်ကွင်းတစ်ခုပဲ။ တောင်တက်ခဲ့ရလို့ မောခဲ့ပေမယ့် ရောက်သွားတော့လဲ စိတ်ထဲမှာ တော်တော်ကြည်နူး သွားခဲ့တယ်။
ပြီးတော့ ဘုရားရင်ပြင်တော်ဆီကို ဆက်တက်လာခဲ့တော့ ရင်ပြင်တော်မှာလည်း မြူမှုန်တွေ မှုန်ပြပြ၊ နေတောင်တော်တော် မြင့်ပြီ။ ကြိုမှာထားတဲ့ ရင်ပြင်တော်ပေါ်က သုံးထပ်ဆောင်းမှာ အခန်းတွေနေရာချပြီး ထမင်းစာဖို့ စောင်းတန်းဘက်က ထမင်းဆိုင်တွေဆီ ထွက်လာခဲ့ကြတယ်။ ကြိုပြီးစီစဉ်ထားတဲ့ ဆိုင်နှစ်ဆိုင်မှာ ကျောင်းသား၊ ကျောင်းသူနှစ်ဖွဲ့ခွဲပြီး စားလိုက်ကြတာ အို...ဘာပြောကောင်းမလဲ လာချသမျှ ကုန်တာပဲ။ ကလေးတစ်ချို့ကတော့ ခရီးပန်းလို့ သိပ်မစားနိုင်ကြဘူး။
စားသောက်ပြီးခဏနား၊ တရေးတမောအိပ်ကြတယ်။ တစ်ညလုံးလဲ မအိပ်ခဲ့ရတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့တယ်။ ကလေးတစ်ယောက်က လာနှိုးတော့မှပဲ နိုးတော့တယ်။ တောင်ပေါ်မှာ လေက တဖြူးဖြူး တိုက်နေတော့ တော်တော်တော့အေးသား။ တစ်နေ့လုံး ပင်ပန်းထားတော့ ချမ်းချမ်းနဲ့ပဲ ခေါင်းပေါ်ကနေ ရေလောင်းချိုးလိုက်တယ်။ ရေဆိုစိမ်ချိုးရမှာ ကျေနပ်တဲ့ ကျွန်တော် အခုတော့ မြန်မြန်သွက်သွက်ပဲ ချိုးလိုက်ရတယ်။ ကလေးတွေကိုလဲ မြန်မြန်ချိုးဖို့ မချိုးနိုင်ရင်လဲ မချိုးဖို့မှာပေါ့။ အဲဒီနောက်တော့ ကလေးတွေရော၊ ဆရာဆရာမတွေရော လှလှတွေပြင်လို့ ရင်ပြင်တော်ပေါ် တက်လာခဲ့ပြီး ဘုးရားကန်တော့ ပြီးတော့ဟိုးငေး၊ ဒီငေးထွက်လာရင်း စောင်းတန်းအဆင်းက ရဟတ်ယာဉ်ကွင်းမှာ အုပ်စုလေးစုခွဲ ပျော်ပျော်ပါးပါး game တွေကစားခဲ့ကြတယ်။ နေကျသွားတော့ ပြန်လာခဲ့ကြပြီး ညစာစား၊ ခဏနားခဲ့ကြတယ်။
ညဘက်မှာတော့ အားလုံးစုစည်းပြီး ကုသိုလ်ယူကြပါတယ်။ အထွေအထူးတော့ မဟုတ်ပါဘူး။ ဘုရားမှာ ပဌာန်းရွတ်ဖတ် ပူဇော်ကြတာပါ။ မသွားခင်ကတည်းက ဘုရားမှာ ပဌာန်းရွတ်ဖို့ စုစည်းပြီး ကျောင်းတွင်း အကြိုရွတ်ဖတ် ခဲ့ကြပါသေးတယ်။ တခြားဘုရားဖူး ဧည့်သည်တွေလဲ ပါဝင်ပူဇော်သွားတော့ ရင်ပြင်တော်မှာ ပဌာန်းပွဲလေး စည်ကားခဲ့ရတယ်။ ပြီးသွားတော့ အမျှဝေဆုတောင်းကြ၊ ကလေးတွေကတော့ စာမေးပွဲ အော်ပါစေကြောင်းပေါ့။ ကျွန်တော်ကတော့ ကိုယ့်တပည့်တွေ အတွက်လည်းဆုတောင်း ဘာကုသိုလ် လုပ်လုပ် အကျင့်ဖြစ်နေတာကတော့ ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ ကျန်းမာ ပျော်ရွှင်ပါစေကြောင်း အမြဲ ဆုတောင်းလေ့ရှိပါတယ်။
ဘုရားက လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်နေတာမို့ စေတီတော်ကိုပဲ ဖူးမြင်ခဲ့ရ ပါတယ်။ အခုတင်လိုက်တဲ့ ပုံကတော့ ရှာတင်လိုက်တဲ့ ပုံတော်ပါ။ ကျိုက်ထီးရိုး ဘုရားဖူးခရီးမှာ ကျိုက်ထီးရိုး စေတီပုံ မပါရင် မပြည့်စုံဘူး ထင်လို့ပါ။
ပဌာန်းရွတ်ဖတ်ပူဇော်ပြီး ပြန်ထွက်လာတော့ လေတွေတိုက်လာတယ်။ တိမ်ခိုးတွေ လွင့်မျောနေလိုက်တာ ကိုယ့်အနားကနေ ဖြတ်သွားတဲ့ တိမ်တွေကိုကြည့်ပြီး စိတ်ထဲမှာ အလိုလိုပျော်လာတယ်။ တိမ်ခိုးတွေက လွင့်မျော.. နောက်က ပြသာဒ်မီးရောင်တွေနဲ့ ဆိုတော့ ရုပ်ရှင်တွေထဲ မြင်ဖူးခဲ့တဲ့ နတ်ပြည်ပဲရောက်နေ သလိုလို ဟဲ...ဟဲ... စိတ်ကူးယဉ်လိုက် ပါသေးတယ်။ နတ်သမီးလေးတွေတော့ မပါဘူးပေါ့ဗျာ။
တစ်နာရီလောက်ရောက်တော့ တစ်နေ့လုံး ပင်ပန်းသွားတာရော အပြင်မှာလဲ တော်တော် အေးလာတာရော ဇာတ်ပေါင်းလိုက်တော့ အိပ်ပျော်သွားလေ သတည်းပေါ့။ နောက်နေ့ မနက်စောစော ထပြီးအာရုံဆွမ်း ကပ်မယ် ကြံစည်ထားတာ (၇)နာရီမှ နိုးလာတော့ မကပ်ဖြစ်တော့ပဲ ဘုးရားရှိခိုး ကန်တော့ဆုတောင်းပဲ လုပ်နိုင်ခဲ့တော့တယ်။ ပြီးတော့ အားလုံးမနက်စာ စားပြီး အနီးအနားတစ်ဝိုက် ဘုရားတွေကို ဖူးမြော် ခဲ့ပါတယ်။ စောင်းတန်းကနေဆင်းပြီး ကျီးကန်းပါးစပ်ဘက် ရောက်လာခဲ့တယ်။
ပြန်ဆင်းဖို့ အချိန်ကို တွက်ပြီး ခပ်သုတ်သုတ် သွားနေရတော့ ဘာအမှတ်တရမှ မ၀ယ်နိုင်ခဲ့ပဲ ဟိုငေးဒီငေးနဲ့ပဲ လေ့လာခဲ့ရတယ်။ ဒီလိုအမှတ်တရ ပစ္စည်း အရောင်းဆိုင်လေးတွေ တွေ့ရင် လျှောက်ငေးတတ်တာ ကျွန်တော့်ရဲ့ ၀ါသနာတစ်ခုပဲ။ ကလေးတွေထိန်းရင်း သွားနေရတော့ မ၀ယ်နိုင်ခဲ့တော့ဘူး။ ဒါနဲ့ပဲ ဓါတ်ပုံရိုက် ယူလိုက်တော့တယ်။
ဒီလို ..ဒေသထွက် ဆေးဝါး အရောင်းဆိုင်တွေကတော့ ပေါမှပေါပဲ။ တစ်ချို့ဆို အဲလို ဗမာဆေး စစ်စစ် ရဖို့ တကူးတကတောင် လာဝယ်ကြတယ်ဆိုပဲ။ တန်ဖိုးကြီး ဆေးဝါးအစစ်တွေ ရှိသလို အတုတွေလဲ ရှိတတ်တယ်တဲ့။ ကျွန်တော်ကတော့ နားမလည်ပါဘူး။
အဲဒီကနေ မုဆိုးတောင်ပေါ် တက်ခဲ့ပြီး ဘုရားကန်တော့ခဲ့တယ်။ ပြီးတော့ မုဆိုးတောင်ကနေ မြင်ရတဲ့ ကျိုက်ထီးရိုး ရင်ပြင်နဲ့ စောင်းတန်းတွေကို လှမ်းငေးကြည့်မိတယ်။ အရာရာကို အပေါ်စည်းကနေ လွှမ်းကြည့်ရတာလဲ ရသ တစ်မျိုးရသလိုပါပဲ။
တစ်ပတ်ပတ်ပြီး ငေးရင်း မောရင်း တည်းခိုဆောင်ကို ပြန်ရောက်တော့ ပစ္စည်းတွေသိမ်းပြီး ရသေ့တောင် အထိခြေလျင် ပြန်ဆင်းခဲ့ကြတယ်။
အဲဒီကမှ တဆင့်တောင်ခြေကို ကားနဲ့ပြန်ဆင်းခဲ့ကြတယ်။ ရှေ့ခန်း ၅-ယောက်၊ နောက်ခန်း ၄၃-ယောက်၊ ပေါင်း ၄၈-ယောက်ပဲ တင်ပါတယ်။ ရှေ့ခန်း ၂၀၀၀ိ/-၊ နောက်ခန်း ၁၅၀၀ိ/-ပါ။
ကုန်းဆင်းကုန်းတက် အကွေ့အကောက်တွေကြား အော်ကြ၊ ဟစ်ကြ တစ်လမ်းလုံးဆူလို့၊ ညံလို့။
မနေ့က တည်းတဲ့ဆိုင်မှာပဲ နေ့လည်စားစားပြီး ကားပြန်ထွက်ခဲ့တယ်။ အပြန်ခရီးမှာ ကျိုက်ထိုမြို့တွင်းက ကျိုက်ပေါလော မှဲ့ရှင်ဘုရားကို ၀င်ရောက် ဖူးမြော်ခဲ့ပါတယ်။
ဘုရားပရ၀ုဏ် အတွင်းလှည့်ကြည့်ရင်း မြင်ခဲ့ရတဲ့ထန်းပင် စိမ်းစိမ်းတွေကို မြင်ရတော့ နေရပ်ကို သတိရမိ လိုက်ပြန်ပါတယ်။
အဲဒီကနေ အပြန်မှာ စိမ်းလဲ့တင် အပန်းဖြေရိပ်သာထဲ လမ်းကြုံလို့ ၀င်ကြည့်ခဲ့ကြပါတယ်။ ဥယျာဉ်သဖွယ် စိုက်ပျိုး ပြင်ဆင်ထားပုံလေးက တကယ်ကို အေးချမ်းကြည်းနူးဖွယ်ပဲ၊ ခြံဝန်းအတွင်းမှာလဲ လာရောက် အပန်းဖြေသူတွေအတွက် စားသောက်ဆိုင်၊ ဗြူးတီးစလွန်း၊ ရေကူးကန်၊ တည်းခိုခန်း၊ အားကစားခန်း၊ တိရစ္ဆာန်ဥယျာဉ် စသဖြင့် စီစဉ်ထားတာ လေးတွေက ဧည့်သည်တွေကို တော်တော် ဆွဲဆောင်နိုင်မှု ရှိပါတယ်။ ပိုက်ဆံပေါရင်တော့ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါပဲ။ :) ပြည်ပ ခရီးသွားဧည့်သည် တွေလဲ အတော်များများ လာရောက်ကြတာ တွေ့ရပါတယ်။
အပန်းဖြေ ရိပ်သာရှေ့က ပစ္စည်းအရောင်းဆိုင် ဧည့်ကြိုကောင်မလေးက ရှမ်းဝတ်စုံလေး ၀တ်ထားပြန်တော့ တစ်မျိုး အမြင်ဆန်းနေပြန်တယ်။ မွန်ပြည်နယ်က ရှမ်းမလေးပေါ့။
စိမ်းစိမ်းညို့ညို့ ရာဘာစိုက်ခင်း တွေကလည်း မွန်ပြည်နယ်ရဲ့ သဘာဝအလှတရား တစ်ခုပဲလို့ဆိုရမယ်။
အပြန်ခရီးမှာ ပဲခူးရွှေမောဓော ဘုရားကို ၀င်ရောက်ဖူးမျော်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရစေတီ တစ်ဆူပါပဲ။ ဒါပေမယ့် အလှူရှင်နည်းလို့လား၊ မပြီးသေးလိုပဲလားတော့ မသိ၊ စေတီရဲ့ ရွှေသင်္ကန်းတွေ တော်တော် ပါးလှနေပြီ။ တစ်ချို့နေရာတွေ စစ်စည်းတွေတောင် ကွက်နေပြီ။ ရွှေသင်္ကန်းကပ်လှူ ပူဇော် လိုသူများ သတိရရင်ရင် ပဲခူးရွှေမောဓောကို သတိတရ ကပ်လှူပူဇော်နိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော် နိုးဆော်လိုက်ပါတယ်။
ရွှေမောဓောဘုရားဝန်းက တည်ပင်လေးတွေ ရွက်သစ်ဝေ၊ ဖူးနုပုရစ်လေးတွေက ညနေဆည်းဆာမှာ ဆည်းဆာနဲ့ ယှဉ်ပြီး အလှတွေပြိုင် နေတာကိုလည်း ထိုင်ငေးကြည့်ခဲ့မိတယ်။
အားလုံးကားပေါ် ပြန်ရောက်တာနဲ့ နေကလည်းကျ မှောင်ရိပ်လည်း သမ်းပြီဆိုတော့... ဆေးလိပ်လည်းတို နေလည်းညိုပြီမို့ ကျွန်တော်တို့တွေ ဌာနေကို အသီသီး ပြန်ခဲ့ကြပါတော့တယ်။ အမှတ်တရပါပဲ...။ ပျော်သင့်သလောက် ပျော်ခဲ့ပါတယ်။
တော်တော် အသေးစိတ်ပြီး စုံလင်လှတဲ့ ဘုရားဖူးခရီးစဉ်ပါဘဲ
ReplyDeleteကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်..
ပုံတွေမြင်ရတာ စိတ်ထဲ ကြည်နူးမိတယ်..
ကျေးဇူးပါ
ဟုတ်ပါ့  ၊ မှုန်ဝါးဝါး နဲ့  မေ့  နေတာ တွေ တောင် ပြန်သတိရ လာတယ်၊
ReplyDeleteဓါတ်ပုံ လေးတွေ ပါ တင်ပေး လို့  ကျေးဇူး ပါ။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့