ညက ထုံးစံအတိုင်း မအိပ်ဖြစ်ဘူး။ မနက်လင်းခါနီးမှာ ဘယ်လိုက ဘယ်လို အိပ်ပျော်သွားတယ် မသိ။ မှေးကနဲ တစ်ချက် အိပ်ပျော်သွားတယ်။ ရုတ်တရက်နိုးလာတော့ ၈နာရီခွဲ. ဟာ..သွားပြီ...။ နောက်ကျပြန်ပြီ။ ချက်ခြင်းထ ရေချိုး ကမန်းကတန်းပြေး....တော်သေးရဲ့ လွဲမသွားဘူး။ ဆောင်းဝင်လာပြီ ဆိုပေမယ့် ဟိုတလောက ချမ်းနေတာ လေးတောင် ဘယ်ရောက်သွားတယ် မသိ။ ချွေးပြိုက်ပြိုက်ကျ။ လွမ်းလည်း မလွမ်းနိုင်တော့ဘူး။ ပြောစရာရှိတာပြော ပြန်လာခဲ့တယ်။ အပြန်မှာ မြို့ထဲလမ်းမတလျှောက် လမ်းလျှောက်လာ ကားရောင်စုံများစွာ တစ်စီးမှ ကိုယ်မပိုင်ပါ။
လမ်းလျှောက်လာတာ ဘတ်စ်ကားမစီးချင်လို့ပါ။ ဟိုငေးဒီငေး ကားတွေကို ကွေ့ပတ်လျှောင်၊ လမ်းဖြတ်မယ် ဘယ်ညာကြည့် မီးပွိုင့်က မဲနေပြန်ပြီ။ လမ်းမီးတွေတော့ ထိန်ထိန်လင်းနေ။ ငါ့မျက်လုံးတွေ မွဲပြီလား။ မီးစက်သံတွေတော့ ဟိုနားတစ်စ၊ ဒီနားတစ်စ။ မျဉ်းကျားရှေ့ရပ် ဟိုဘက်ကူးမယ်...။ ဘယ်ကားမှ ကိုယ့်ကို ဂရုမစိုက်ပါဘူး။ အင်... ထုံးစံအတိုင်းပေါ့။ သိုင်းကားတွေ ကြည့်ထားတာပဲ..။ ရုတ်တရက် မျဉ်းကျားပွိုင့်က ထစိမ်းသွားတယ်။ ကျွီ..ဆိုတဲ့ ဘရိတ်အုပ်သံတွေ စီကနဲ..။ နားဝင်ချိုလိုက်တာ အေးဆေးဖြတ်ကူး လိုက်တယ်။ ခြေတစ်လှမ်း ကုဋေတစ်သန်းတော့ မဟုတ်ဘူး။ ဖြစ်နိုင်ရင်တော့ တစ်ခါတစ်လေ စိတ်ပေါက်ပေါက်နဲ့ လျှောက်ပစ်လိုက်ချင်ရဲ့။ ဟီး......... ဒါပေမယ့် ဘယ်လိုမှ အမြင်မတော်ဘူးလေ။ လမ်းပေါ်ဖြတ်ကူးနေတုန်း ကားပေါ်က ကိုကိုစပယ်ယာက "# @ * x % & မီးပွိုင့်ကလည်း စိမ်းချင်ရင် ထစိမ်း.. သေကုန်တော့မယ်" ခပ်ကြမ်းကြမ်း ရေရွတ်သံ နားဝင်ပီယံကြားလိုက်ရ...။ အင်း....ဘာပဲ ဖြစ်ဖြစ် စိတ်ချလက်ချ လမ်းကူး လိုက်ရတာ တစ်မျိုးအေးချမ်းသွားသလို ....
အင်တာနက် သုံးမလို့ ဆိုင်ထဲလှမ်းအ၀င် ..... ကွီ....ကွိ..ကီ....ကျလီ...ဟဘာတွေလဲဟ.. တစ်မျိုးမထင်ပါနဲ့ဗျာ။ UPS တွေ ထမည်တာ။ ဟာ တော်ပြီကွာ။ စိတ်ပျက်လက်ပျက် ပြန်ထွက်လာခဲ့တယ်။ မီးစက် မောင်းတော့မှာ ငါတစ်လုံးသုံးရင် စက်တစ်လုံးစာ မီးခိုးပိုထွက်မယ်။ ကမ္ဘာကြီးပိုပူလာမယ်။ ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုပြီး လူတွေ စိုးရိမ်နေကြတာ ငါ့ကြောင့် ပိုပြီးနီးစပ်သွားရင် မခက်ပေဘူးလား။
လှည့်ပြန်လာရင်း ကိုစိုးမင်းတို့ အော်သလို ထအော်လိုက်တယ်။ Cheer! Thu Rein, You've Saved the earth, . . . LOL.

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့