ဘုရားဖူးခဲ့ပါသည်

ဒီနေ့ တနင်္ဂနွေ..။ သူများတွေလိုမအားပါဘူး။ ကျူရှင်ဆရာ ဘ၀မှာ တနင်္ဂနွေဆိုတာ အလုပ်ရှုပ်သောနေ့ပေါ့။ ဒါပေမယ့် အကြောင်းကိစ္စ ပေါ်လာလေတော့ ဒီနေ့အတန်းချိန်တွေ လဲလိုက်တယ်။ အထွေအထူးတော့ အလုပ်မရှုပ်ပါ။



 ညနေ...ရွှေတိဂုံဘုရားကို ရောက်တယ် ။ေ၇ွှတိဂုံဘုရားဆိုတာ နေတဲ့နေရာနဲ့ နာရီဝက်လောက်သွားရင် ရောက်နေတဲ့ နေရာပါ။ ဒါပေမယ့် မရောက်တာ တစ်နှစ်ကျော်သွားပြီ။ ဘုရားမေ့ တရားမေ့ ဖြစ်နေပြီလားလို့ ဘာသာ ပြန်စဉ်းစားမိတယ်။ ပွင့်လင်းရာသီမို့လား မသိ။ နိုင်ငံခြားခရီးသွားတွေ တော်တော်များများ တွေ့ရတယ်။ ရွှေတိဂုံဘုရား ရင်ပြင်တစ်လျှောက် ကင်မရာတွေ ကိုင်ပြီးနေရာစုံ ရိုက်နေ တော့တာပဲ။

ပြင်သစ်ခရီးသွားတွေ ထင်ပါရဲ့... မြန်မားရိုးရာဓလေ့ တွေကို ချစ်လို့လား။ ရောက်တုန်းရောက်ခိုက် ဓလေ့ အစဉ်အလာတွေကို လေ့လာချင်လို့လားမသိ မြန်မာပုဆိုးတွေ လဲဝတ်ကြတယ်။ ဒါပေမယ့် ပုဆိုးစည်းရတာ ခက်နေလို့ထင်ပါရဲ့ ဘယ်လိုမှ အဆင်မပြေလို့ ဓါတ်လှေကားဝန်းထမ်းတစ်ဦးက စည်းပေးနေတာကို ခပ်ပြုံးပြုံး ကြည့်ခဲ့မိတယ်။ အင်း.....သူတို့လဲ...မြန်မာဓလေ့တွေကို ချစ်ကြသားလို့ ကြည်းနူးစွာ တွေးမိရင်း  မခင်ဦးမေရဲ့ cbox မှာ ရင်နှီးခဲ့တဲ့ မြန်မာစကားပြောဖို့ ၀န်လေးမိတယ်လို့ အတိအလင်း ၀န်ခံထားတဲ့ အင်္ဂလန်နိုင်ငံသား မြန်မာဆရာဝန်ကြီး Steve ကို မဆီမဆိုင် သတိရလိုက်မိသေး။



ဘုရားကိုလက်ျာရစ် တစ်ပတ်ပတ်ရင်း လာရောက်ဖူးမြော် လေ့လာကြတဲ့ ဖြူနီပြာဝါ ရောင်စုံ ဘုရားဖူး ဧည်သည်တွေကို ထိုင်ငေးခဲ့တယ်။ တနင်္ဂနွေမို့ ထင်ပါရဲ့။ ညနေစောင်းတော့ ဘုရားဖူးတွေ ပိုများလာတယ်။ ရွှေသင်္ကန်းကပ်လှူ ပူဇော်ဘုရားကန်တော့ပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။ ဘာတွေ ဆိုတောင်းသလဲ မမေးပါနဲ့။ လူ့သဘာဝအတိုင်း သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါ၏ ဘုရားပေါ့။ ဘုရားကို ဂျီတိုက်တာ မဟုတ်ပါဘူး။ လေးလေးနက်နက် တိုင်တည် ဆုတောင်း ခဲ့တာပါ။

ဘုရားရှုခင်း မြင်ကွင်းလေးတွေ လိုချင်လို့ ကင်မရာမင်းတစ်ယောက်ကို ရိုက်ခိုင်းလိုက်တယ်။ ရောက်တုန်း အမှတ်တရ လေးပေါ့။ ပြန်လာတော့တစ်ခါ ဆူးလေဘုရား ၀င်ဖူးဖြစ်တယ်။ ဆူးလေဘုရား ဆိုတာကတော့ အိမ်ကနေ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် ရောက်ပေမယ့် သိတဲ့အတိုင်း နေ့တိုင်းကပ်ကပ်ပြီး ကျော်ခဲ့ရတဲ့ ကပ်ကျော်ဘုရားပေါ့။ ရောက်တုန်းရောက်ခိုက် ဘုရားကန်တော့ ဆုတောင်းခဲ့ပါသေးတေယ်။  "နေ့တိုင်းတပည့်တော် ကပ်ကျော်မိတာ ဗွေမယူပါနဲ့ ဘုရား၊ ကမ္ဘာသူ ကမ္ဘာာသားတွေရဲ့ ကပ်ဒုက္ခတွေကိုလဲ ကျော်လွှားနိုင်အောင် ဆောင်ရှောက်ပေးတော်မူပါ ဘုရား" လို့ ကမ္ဘာနဲ့ချီပြီး ဆုတောင်းခဲ့ပါတယ်။ အဲလို မေတ္တာတရားကြီးမားတဲ့ ကျွန်တော်ပါ....။ :P

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1