တလောက ကျွန်တော့်မိတ်ဆွေ အကူအညီတောင်းလို့ ကိုယ်တိုင်လဲ စုံစမ်းရင်း ဘလော့ ပေါ်မှာ ဒီ post လေး တင်လိုက်တယ်။ ကျွန်တော် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဆင်ပြေသွားပြီ။ ကို နွေဆူးလကာင်္ က ကိုယ်တိုင်သွားလို့ စုံစမ်းပေးခဲ့လို့ အခုဆိုရင် အနာဂါတ်ရဲ့ ပန်းပွင့်လေးတွေ ဆက်လက် လန်းဆန်းနိုင်ခဲ့ပြီ။ တကယ်တော့ သူတို့လေးတွေမှ လိုအပ်နေတာ မဟုတ်ပါဘူး။ ဒီလို လိုအပ်နေတာတွေ ကျွန်တော်တို့ မသိတာ တွေ အများကြီးရှိဦးမှာပါ။ ဘယ်သူတွေ ကူညီမှာလဲ ထိုင်ကြည့်နေမယ့် အစားကိုယ်နိုင်တာ ကိုယ်ကူညီရင် ပိုပြီးသာယာတဲ့ သူတို့တွေရဲ့ ဘ၀လေးတွေ လှနေကြမှာ၊ တွေးကြည့်ရင် ကြည်နူးစရာ။
အရုဏ်ဦးအစ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံ ကြားရ၏။ သတ္တလောက နိုးထစ ပြုပြီ။ လှည်းမောင်းသံ နွား ကျွဲ မောင်းသံ၊ ကြံဖတ် သက်ကယ် ကောက်သွားသူတို့ ခေါ်သံ အော်သံ၊ အချင်းချင်း နောက်ပြောင်သံ၊ သီချင်းဆိုသံ၊ ရွာဦးကျောင်းမှ ဘုရားဝတ်တက်သံ၊ စာကျက် စာအံသံများ ကြားနေရပါသည်။
ရွာသည် မြို့ပြမဟုတ်ပေမယ့် ရွှေဘို ကျောက်မြောင်း ကားလမ်းမကြီး၏ ဘေးတစ်ဘက် တစ်ချက်၌ တည်ရှိ၏။ ရွှေကျောင်းကြီး စေတီတော်မြတ်ကြီးကို အဝေးကပင် ဖူးတွေ့မြင်နိုင်ပါ၏။ လျှပ်စစ်ရှိ၏။ တိုက်တာရှိ၏။ တယ်လီဖုန်း၊ မော်တော်ကား စသည် စသည်တို့ ခမ်းနားသူတို့၌ ရှိ၏။ နွမ်းပါးသူတို့မှာကား တစ်ဝမ်းတစ်ခါးအတွက် လမ်းရှာ၍ ထွက်ရ၏။ ဟင်းရွက်ခူးသူခူး၊ မြေတူးသူတူး၊ ဖါးကိုရိုက် ငါးကိုနှိုက်။ မချမ်းသာသူတို့ ၀မ်းစာရှာချိန်မှာ သားသမီးတို့ ပညာရေးကို မတွေးနိုင်။ အမိထက် ပညာသာသောသမီး၊ အဖေထက် ပညာသာသောသား ဖြစ်စေချင်ကြပေမည်။ သို့သော် မိဘလုပ်ငန်းခွင်ဝင်လျှင် ကလေးငယ်ကို ခါးတစ်ခွင်ကြရသည်။ ဆိတ်ကျောင်း၊ နွားကျောင်း၊ ထမင်းတောင်း ရွက်ကြရ၏။
ထိုထိုသော ကလေးငယ်များသည် များသည်ထက် များလာ၏။ ထိုကလေးငယ်လေးများ၏ အနာဂတ်ကား ရင်လေးဘွယ်။ အလိမ္မာ စာမှာရှိဟု အဆို ရှိပါ၏။
ပညာသင်ချိန် ပညာသင်မှ ပညာတတ်မည်။ ပညာတတ်မှ အသိမြင့်မည်။ အသိမြင့်မှ အလုပ်မြင့်မည်။ အလုပ်မြင့်မှ ဘ၀မြင့်မည်။ ဘ၀မြင့်မှ လူမျိုးမြင့်မည်။
ကလေးတို့၏ အနာဂတ်ကား မှောင်မှောင်မည်းမည်း စမ်းတ၀ါးဝါး လမ်းသွားနေသည့်နှယ်။ အနာဂတ် အမှောင်ထဲတွင် လျှောက်လှမ်းနေသော ကလေးငယ်ကို ဘ၀ အလင်းရောင် ထွန်းညှိ၍ ၀င်ရောက်လာသူမှာ ရွာဦးကျောင်းဆရာတော် ဦးသီလာနန္ဒ ဖြစ်ပါသည်။ ဆရာတော်၏ အလင်းရောင်သည် စာနာတတ်သူတို့၏ ရင်တွင်းသို့ ရောက်ရှိသွားပါသည်။ ဆရာတော် ဦးဆောင်မှုဖြင့် စစ်မှန်သော ပရဟိတ ကျောင်းကလေး ဖွင့်လှစ်နိုင်ခဲ့၏။
အကြောင်းအရာသည် မဆန်းပြားပါ။ ဆောင်ရွက်မှုသည်လည်း မခမ်းနားပါ။ သို့သော်ငြား … လမ်းလျှောက်တတ်သည့် အရွယ် ကလေးငယ်မှစ၍ တစ်မ၀မ်းတစ်ခါးအတွက် မိဘများနှင့် ဆိုးတူကောင်းဖက် ဆောင်ရွက်ကြရသည်။ ပရိယေသန သမုဒ္ဒရာ အချိန်ခါမဲ့ လှော်ခတ် ကျော်ဖြတ်ကြရ၏။ သည်ကာလ၊ သည်အနေ၀ယ် ပညာသင်စရာ တွေးကြံရဲဖို့ အိမ်မက်ထဲမှ ရှိပါစဟု ကျွန်မ ယခင် တွေးထင်ခဲ့မိပါသည်။ တွေးကြံ၍မှ မထင်၊ အိပ်မက်ထဲမှ မမက်ဖူးသော ထိုအရာများသည် လက်ရှိဘ၀သို့ ရောက်ရှိလာသောအခါ ၀မ်းသာပီတိ ဖြစ်ရပါ၏။
ကျွန်မတို့ ကျောင်းကလေးဟာဆိုရင် ကနဦးအစမှာတော့ ချောက်ထဲ ကျတဲ့ ကျောက်ခဲကြားက အခက်အခဲတွေကို ကျော်လွားနိုင်ဖို့ ကြိုးစားခဲ့ရသည်။ ရေပတ်လည် ၀န်းရံထားတဲ့ ရေလည်က ရေလည်ကျောင်း။ သည်ကျောင်းကလေးမှာ ကွန်ကရစ်မလောင်း မြေစိုက်ကျောင်းကလေးပင် တည်ဆောက်၍ မလွယ်ကူသည့် အခက်အခဲတွေကို ဆရာတော်၊ ဆရာမတွေကိုယ်တိုင် ပါဝင် လှုပ်ရှား၊ ရွာသူရွာသားတွေရဲ့ စုပေါင်းအင်အားနှင့် ကျော်လွှားနိုင်ခဲ့သည်။ ကျောင်းဆောင်ကလေးတစ်ဆောင် တည်ဆောက်ဖို့ မိုးခေါင်ရေရှားသောအရပ်၊ သစ်ဝါးပေါသော အရပ်လည်း မဟုတ်ပါ။ ဧရာဝတီနှင့် မလှမ်းမကမ်း၊ ငါးမျိုးအမည် ပိုက်ကာချီသည့် ပြည်ရွှေဘို၏ အစွန်အဖျား၊ ကဗျာမဆန်လှတဲ့ အညာတမန်လေးပါ။ သည်ရွာကလေးမှာ ကျောင်းဆောင်ကလေးတစ်ခု တည်ဆောက်ဖြစ်ပါသည်။ ကျောင်းကလေးဟာ ၀ါးရိုးကို ခေါင်တိုင်ချည်၊ ထန်းရွက်မိုး ထရံကာ ကျောင်းကလေးပါ။ ကျွန်မတို့ ကျောင်းကလေးသည် အများအမြင်မှာ ကြွားဝင့်စရာမရှိ၊ ဂုဏ်ပကာသန ဖြည်ကာချတောင် ပြစရာမရှိ ဗလာနတ္ထိ။ သို့ပင်ငြား ….. ကျွန်မတို့၏ ရင်တွင်းဝယ် ဤကျောင်းငယ်ကပင် ကောင်းကင်ထက် ဝေဇယန္တာဟု ထင်မိပါသည်။ ကျွန်မတို့ ရင်တွင်းဝယ် အတွေးကိုချီ စာသီကုံးမိသော်လည်း လက်ရှိဘ၀သို့ ကူးမလာနိုင်ပါ။
မိုးတွင်းအခါ ရောက်ရှိလို့လာလျှင် ကလေးငယ်အတွက် အခက်အခဲတွေ စတင်လာပါသည်။ ကိုရွှေမိုးက သည်းကြီးမည်းကြီး ရွာချလိုက်ပါတော့သည်။ ထိုအခါ ကျောင်းအနောက်ဘက်တွင် ရှိသော ရိုးချောင်းကလေးမှာ ရေတိုး၍ လာပါတော့မည်။ နံနက် ကျောင်းတက်ချိန် ကိုးနာရီခွဲတွင် ရောက်ရှိရန် ပေါင်းကူတံတားလေးကို ကူးဖြစ်၍ လာနေသော ကလေးငယ်များကို တွေ့မြင်နေရပါသည်။ ကဗျာတွေချီ စာတွေစီ၍ သီကုံးတတ်သော သူတို့လေးတွေကို လူသာငယ်၏ ပညာမငယ်ဟု ပြောပါရစေ။ နေ့လည် ထမင်းစားဆင်းချိန်သည် နေ့ တစ်ဆယ့်နှစ်နာရီ ဖြစ်ပါသည်။ နေ့လည် တစ်နာရီခွဲ အချိန်တွင် ထမင်းစားဆင်းကျောင်းကို တက်လိုက်ပါသည်။ လောက၏ ဆန်းပြားမှုကို မောပမ်းသည်ဟု သဘောမထား ကြိုးပမ်းကာ သင်ကြားနေချိန်ဝယ် အနားဆင်းချိန် နေ့ ၂ နာရီသို့ပင် ရောက်ရှိလာခဲ့သည်။ အနာဂတ်အတွက် ခဏဟဲ့ဟု သဘောထားကာ မောပမ်းသည်ကို မအောက်မေ့နိုင် ကျောင်းဂလိုင်ကို ခေါက်မိသည်က နေ့လည် ၂ နာရီခွဲမှာပင်။ ရင်နှင့်မက စေတနာများနှင့် ဘ၀င်လှလှ ရွှင်ပြသော ဆရာမများသည်လည်း သင်ပြ၍ နေကြပြီ။ သို့နှင့်ပင် ညနေ ကျောင်းဆင်းချိန် ၄ နာရီသို့ ရောက်ရှိခဲ့သည်။
ရှမ်းတောင် ရှမ်းတောမှ ရှုခင်းများသည် လွမ်းမောဖွယ်ကောင်းလှ၏။ ကြားဖူးပါစ။ ရှမ်းတောမှ လွမ်းမောဖွယ်ရှုခင်းများသည် ကျောင်းစာသင်ခန်းမှ စာပန်းချီ ခြယ်မှုန်းနေသော ပုံရိပ်များကိုတော့ မှီအံ့မထင်ပါ။ ဤလှပသော ကျောင်းတော်လေးဝယ် ကျောင်းသူ ကျောင်းသား ၉၅ ယောက် ပညာနို့ရည် သောက်စို့မှီခွင့် ရရှိခဲ့ပါသည်။ မူလတန်းကျောင်းကလေးလည်းဖြစ်၊ ပထမအစလည်း ဖြစ်သည့်နှစ်မှာပင် ဤမျှလောက် ပညာ့မျက်စိ ဖွင့်လင်းပေးနိုင်မှုကို ပီတိမဆုံး တပြုံးပြုံး ဖြစ်လျက် ရှိပါသည်။ ဤကျောင်းတော်ကလေး ဖြစ်မြောက်အောင် ကြိုးပမ်းကာ ရှေ့ဆုံးမှ ရပ်တည်ပေးခဲ့သော ဆရာတော်၊ စေတနာ ရှေ့ထားကာ သင်ကြားပေးသော သံဃာတော်များ၊ လုပ်အားဒါန ပေးလှူကြသည့် ဆရာမလေးများမှာ တစ်စိတ်တစ်ဝမ်းတည်း ကြည်နူးပီတိ ဂွမ်းဆီထိသကဲ့သို့ ၀မ်းသာမှုများ ပပျောက်သွားမည် မဟုတ်ပါ။
ဤကဲ့သို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကလေးငယ်များသည် ပညာရေးကို ဆထက်တပိုး ကြိုးစားခွင့်ရနိုင်ပါလျှင် အနာဂတ်၏ ပန်းပွင့်ငယ်လေးများသည် `နန်းဘုရင်၊ ပန်းသဇင်´ ဟု ဆိုသော တော်ဝင်ပန်းကလေးများ ဖြစ်လာပါလိမ့်မည်။ တော်ဝင်ပန်းကလေးများ၏ ရနံ့သည် သင်းကြူမွှေးလျက် လောကကြီးကို အလှဆင် စေပါသည်။
ကမ္ဘာကြီးနှင့်ချီ ရယ်စရာပင် ဖြစ်နေမလား။ နိုင်ငံကြီးနှင့်ချီ ပြုံးယောင်ပင် သန်းနေမလား။ ကောင်းကင်ထက်က ကြယ်တာရာသည် လင်းလက်၍ နေပါသည်။ ကျွန်မတို့၏ ဆောင်ရွက်ချက်ကလေးသည် ကြယ်တာရာကဲ့သို့ လောကကြီး၏ တစ်ထောင့်တစ်နေရာဝယ် တောက်ပ၍ နေပါလိမ့်မည်။ ဤတောက်ပမှုကလေးသည် အမှောင်ကမ္ဘာမှ အလင်းသို့ဆောင်သူ၊ စေတနာ ရှေ့ထားကာ ဆောင်ရွက်ကြသူတို့၏ ရင်တွင်းပီတိသည် အလွန်တရာမှ ကြီးမြတ်လှ၏။ ခမ်းနားလှ၏။ ဆွတ်ပျံ့လှပါ၏။ ဤကြီးမြတ်သော ပီတိကို စာပန်းချီ ခြယ်မှုန်း၍ မပြနိုင်တော့ပါ။ မွန်မြတ်သူတို့၏ နှလုံးသားထဲက ပီတိကို ကင်ပွန်းတပ် အမည်ပေးလိုက်ချင်တာကတော့ `ဂန္ထ၀င် ပီတိ´။ ။
ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းေ ကျာင်း
ရေလည်ကျောင်း၊ အုန်းပေါက်ကျေးရွာ၊ ရွှေဘိုမြို့နယ်။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့