Atmosphere : ကမ္ဘာ့လေထု





လေထုဆိုတာ ဓါတ်ငွေ့ အရောအနှော တစ်ခုဖြစ်ပြီးတော့၊ အပေါ်မှာတော့ အာကာသဆိုင်ရာ အရာဝတ္ထု တွေက ၀န်းရံ ဖုံးအုပ်ထားတဲ့ ကမ္ဘာမြေပြင်ထက်က ဓါတ်ငွေ့အလွှာ တစ်ခုပါပဲ။ ဒီလေထုကို ကမ္ဘာမြေပြင် ကနေ လွင့်ထွက် မသွားရ လေအောင် ကမ္ဘာ့ဆွဲငင်အားက ထိန်းချုပ်ထားတာပေါ့။

ဒါဆိုရင် အဲဒီလေထုအလွှာထဲမှာ ဘာတွေပါဝင်ပါသလဲ။ အဓိက ပါဝင်တဲ့ ဓါတ်ငွေ့ကတော့ နိုက်ထရိုဂျင် ဖြစ်ပါတယ်။ လေထုတစ်ခုလုံးရဲ့ ၇၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သက်ရှိတွေ အသက်ရှူရာမှာ အဓိကကျတဲ့ အောက်ဆီဂျင်ကတော့ ၂၁ ရာခိုင်နှုန်း ပါဝင်ပြီးတော့ အာဂွန်ဓါတ်ငွေ့က ၀.၉ ရာခိုင်နှုန်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့က ၀.၀၃ ရာခိုင်နှုန်း၊ ရေငွေ့၊ ဟိုက်ဒရိုဂျင်၊ အိုဇုန်း၊ မီသိန်း၊ ကာဗွန်မိုနောက်ဆိုဒ်၊ ဟီလီယမ်၊ နီယွန်၊ ကရစ်ပတွန် နဲ့ ဇီနွန် ဓါတ်ငွေ့တွေပဲ ဖြစ်ပါတယ်။

ဒီနေ့တည်ရှိနေတဲ့ လေထုအလွှာထဲက ဓါတ်ငွေ့တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၅ ဘီလီယမ် လောက် ကတည်းက စတင် ဖြစ်တည်လာခဲ့တာပါ။ ကမ္ဘာဦး လေထုအလွှာမှာတော့ မီးတောင်က ထွက်ရှိတဲ့ ဓါတ်ငွေ့ တွေနဲ့ပဲ ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မီးတောင်က ထွက်ရှိတဲ့ ဓါတ်ငွေ့တွေ ဆိုတာလည်း ရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင် အောက်ဆိုက်၊ နိုက်ထရိုဂျင်တို့ ဖြစ်ပါတယ်။ အောက်ဆီဂျင်ကတော့ မပါသလောက်ပါပဲ။

ဒီဓါတ်ငွေ့တွေဟာ ကမ္ဘာဦးလေထုမှာ အချိုးတူညီစွာ ပါဝင်ခဲ့တာဖြစ်ပြီးတော့ သူတို့တွေရဲ့ ပြောင်းလဲဓါတ်ပြုမှု ဖြစ်စဉ် တွေကနေ ယနေ့လေထု အဖြစ်ကို ပြောင်းလဲရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်တွေထဲက တစ်ခုကတော့ ငွေ့ရည်ဖွဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာဦးလေထုဟာ အေးလာတဲ့အခါ ရေငွေ့တွေက ငွေ့ရည်ဖွဲ့ပြီး ရေတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ သမုဒ္ဒရာတွေ ဖြစ်တည်လာခဲ့တယ်။ ဓါတုဓါတ်ပြုမှု ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ပါတယ်။ ကာဗွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ့အချို့က ကမ္ဘာမြေပေါ်က ကျောက်မှုံတွေနဲ့ ဓါတ်ပြုပြီးတော့ ကာဗွန်နိတ် ဒြပ်ပေါင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ အချို့ကတော့ အသစ်ဖြစ်လာတဲ့ သမုဒ္ဒရာတွေထဲမှာ ပျော်ဝင်သွားခဲ့တယ်။ အဲဒီအခါမှာတော့ သမုဒ္ဒရာတွင်းမှာ ကမ္ဘာဦး သက်ရှိသစ်ပင်တွေဟာ ဖိုတိုဆင်းသိစစ် (အလင်းမှီစု အစာဖွဲ့စည်းခြင်း) ကို ဆောင်ရွက်နိုင်ခဲ့ပြီး သမုဒ္ဒရာတွင်း သက်ရှိသစ်ပင်တွေကနေ အောက်စီဂျင် ဓါတ်ငွေ့ကို ထုတ်လွှတ်ခဲ့ပါတယ်။ လက်ရှိကမ္ဘာ့လေထုမှာ ရှိနေတဲ့ အောက်ဆီဂျင် ဓါတ်ငွေ့တွေဟာ ကမ္ဘာဦးအစ သမုဒ္ဒရာတွင်း သစ်ပင်တွေက ရေနဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့တို့ ပေါင်းစပ်ပြီး ဖိုတိုဆင်းသိစစ် ဖြစ်စဉ်ကနေ ပေါ်ထွက် လာရတယ်လို့ ယုံကြည်လက်ခံ ထားပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၇၀ လောက်မှာတော့ ကမ္ဘာ့လေထုနဲ့ သမုဒ္ဒရာတွေထဲမှာ အောင်စီဂျင် ပါဝင်မှုက ရေသတ္တ၀ါတွေ အသက်ရှင်သန် ရပ်တည်နိုင်ဖို့ လုံလောက်တဲ့ ပမာဏကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် နှစ်သန်းပေါင်း လေးရာလောက် ရောက်တဲ့အခါမှာတော့ လေထုတွင်း အောက်စီဂျင်ပါဝင်မှု အခြေအနေဟာ ကုန်းသတ္တ၀ါတွေ အသက်ရှင်သန်နိုင်ဖို့ လုံလောက်တဲ့ ပမာဏကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီကာလ ရောက်မှ ကုန်းသတ္တ၀ါတွေ ဖြစ်တည်လာ ခဲ့ရပါတယ်လို့ ဇီဝဗေဒပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် ကမ္ဘာဦးရဲ့ ပထမဦးဆုံး သက်ရှိသတ္တ၀ါတွေ ဆိုတာ ရေသတ္တ၀ါတွေသာ ဖြစ်ပါတယ်။

ဆက်ရန် . . .

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1