ကျောင်းတွေဖွင့်ဖို့ နီးလာပြီ။ မိဘတွေ ရင်ခုန်နေလောက်ပြီ။ တစ်နှစ်၊တစ်နှစ် ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ မုန့်ဖိုး၊ အသုံးအဆောင် စသည်စသည်ဖြင့် ကျောင်းသားတစ်ယောက်၏ ကုန်ကျစရိတ်က မသေးလှ။ ကျောင်းသားများသော မိသားစုတွေအတွက် တစ်နှစ်တာ ပညာရေးစရိတ်ကား အထူးပင် အကုန်အကျ များလှသည်။ သို့သော် မိမိသားသမီး ပညာတတ် တစ်ယောက် ဖြစ်စေလိုသည်၊ လူတစ်လုံး၊ သူတစ်လုံး လူရာဝင်စေလိုသည်ကား မိဘတိုင်း၏ ဆန္ဒ။ လူတစ်ယောက် ရပ်တည်ရေးအတွက်ပင် ခက်ခဲလှသော ယနေ့ကာလတွင် မိသားစု စားဝတ်နေရေး အတွက်သာမက ပညာရေးအတွက်ပါ ရှာဖွေပေးနေရသော မိဘတို့ခမျာ အထူးပင်ပန်းလွန်းလှပါသည်။
စီးပွားရေးချောင်လည်ပြီး ၀င်ငွေကောင်းသော မိသားစုများအတွက် မထောင်းသာလှ။ သို့သော် ဤသည်ကား လူနဲစုသာ။ အများစုမှာ အလွန်ကြိုးစား ရုန်းကန်ရသည်။ ယနေ့ ဆယ်တန်းကျောင်းသား တစ်ယောက်၏ တစ်နှစ်တာ ပညာရေးစရိတ်ကား သိန်းဆယ်ဂဏန်းနှင့် အထက်မှာရှိသည်။ ဆယ်တန်း အောင်ပြီးရုံလောက် နှင့်လည်း ယနေ့အချိန်တွင် ဘ၀ရပ်တည်ရေးအတွက် မလုံလောက်။ အပြိုင်အဆိုင် များလွန်းလှသည့်ကာလ။ ကြိုးစားနိုင်လွန်းမှ ရပ်တည်နိုင်ရုံသာ။ ထူးချွန်ထက်မြက် လာသော အခါတွင်လည်း မိမိပညာရပ်ဖြင့် ရပ်တည် အသက်မွေးနိုင်ရန် လုံလောက်သော အလုပ်အကိုင်ကမရှိ။ ဒီတော့ နိုင်ငံချစ်စိတ်တွေ၊ မျိုးချစ်စိတ်တွေ အသာထား။ နိုင်ငံခြားထွက် အလုပ်လုပ်ရပြန်သည်။ Brain drain ၊ လာမပြောနှင့်။ ထမင်းမ၀ပဲ ဘယ်လို ရှင်သန်ရမလဲ။
နိုင်ငံခြားတွင် ပညာရှင်အဖြစ် ရပ်တည်ခွင့်၊ လုပ်ကိုင်ခွင့် ရသောသူများအတွက် သက်သာချောင်လည် သော်လည်း၊ သာမာန် အလုပ်သမားအဖြစ် ရပ်တည်ရသော သူများအတွက်ကား ပင်ပန်းလွန်းပါသည်။ သို့သော် ရွေးချယ်စရာမှ မရှိတာ။ လုပ်ရသည်ပဲပေါ့။ ဒီလိုနဲ့ပဲ ကျွန်တော်တို့တွေ သံသရာလည် နေရသည်။
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ ဒီအခြေအနေတွေကို ဘာ့ကြောင့် မကျော်လွန် နိုင်သေးတာလဲ။ ဗုဒ္ဓတရားတော်အရ ပြောရလျှင်တော့ ဘယ်အရာမှ မတည်မြဲ။ အခက်အခဲ ဆိုသည်က အခိုက်အတန့်သာ။ ကျွန်တော်တို့ အားလုံး ကြိုးစားဖို့ပဲလိုသည်။

တွဲလက်ညီညီ ကြိုးစားရင်း အခက်အခဲတွေကို ကျော်လွှားကြပါစို့။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့