ရွှေတောင်မြို့

ရွှေတောင်ဆိုတာ ကျွန်တော်ကြီးပြင်းခဲ့ရာ မြို့ကလေးပါ။ ပဲခူတိုင်း အနောက်ခြမ်းမှာပါဝင်ပြီး ပြည်နဲ့ ၉မိုင် ဝေးပါတယ်။ ရန်ကုန်က လာရင်တော့ ၁၇၀မိုင်ဝေးပြီး ပြည်-ရန်ကုန် ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ အေးချမ်းလှတဲ့ မြန်မာပြည် အလယ်ပိုင်းက မြို့ငယ်လေးတစ်ခုပါ။ အညာရပ်လို့ ပြောလို့တော့မရသေးဘူးဗျ။ မြေလတ်လို့ပဲဆိုရမှပေါ့။

စီးပွားရေး

စိုက်ပျိုးရေးအခြေခံတဲ့ စီးပွားရေးပါပဲ။ လယ်လုပ်ငန်းကို အဓိက လုပ်ဆောင်ကြပါတယ်။ အခြားခြံစိုက်ပျိုးရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြပါတယ်။ အိမ်တွင်းစက်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ဆန်စက်၊ ဆီစက်၊ ယက်ကန်းစက် တို့ ကိုလည်းလုပ်ကိုင်ပါတယ်။

နိုင်ငံပိုင်စက်ရုံများ

ရွှေတောင်မြို့ရဲ့မြောက်ဘက် ပြည်သို့ သွားရာလမ်းမပေါ်မှာ ရွှေတောင်ချည်မျှင်နှင့်အထည် စက်ရုံရှိပါတယ်။ တောင်ဘက် ထန်းကုန်းကျေးရွာ အလွန်မှာတော့ ပြည်တောင်တန်းရေနံမြေ ရှိပါတယ်။

သမိုင်းဝင်ဘုရားများ

ရွှေတောင်မြို့တွင်းမှာတော့ မြန်မာပြည်မှာ တစ်ဆူတည်းဖြစ်တဲ့ ရွှေမျက်မှန်ဘုရား၊ ပြည်လုံးချမ်းသာ စေတီနှင့် ရွှေပြောင်ပြောင် စေတီတို့ ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၈-ရက်နေ့မှ လပြည့်နေ့အထိ၊ ဘုရားသုံးဆူ ပွဲတော်ကို ကျင်းပပါတယ်။

ရွှေမျက်မှန်ဘုရားကြီး

ရွှေတောင်မြို့ရဲ့ အနောက်ဘက် ရွှေတောင်-ကျီးသဲ သွားရာလမ်း မယားမာန်ကျေးရွာမှာ ရှိတဲ့ ရွှေနတ်တောင် စေတီကလည်း ထင်ရှားကြော်ကြာပါးတယ်။ လူတစ်ရစ် နတ်တစ်ရစ် တည်ထားကိုးကွယ် တော်မူခဲ့ကြတယ်လို့ သမိုင်းတွင်ပါတယ်။ ဘုရားပွဲတော်ကိုတော့ တန်ပေါင်းလဆန်း ၈-ရက်နေ့ကနေ လပြည့်နေ့အထိ ကျင်းပပါတယ်။ မြန်မာပြည် အရပ်ရပ်က ဘုရာဖူးဧည့်သည်တွေ လာရောက်လေ့ရှိပြီး၊ ဒေသခံ တောင်သူတွေကတော့ ပေါင်းမိုးလှည်းတွေနဲ့ ဘုရားပွဲတော်ကာလ တစ်လျှောက်လုံး ပွဲဈေးပတ်ဝန်းကျင်မှာ လာရောက်နေထိုင်လေ့ ရှိပါတယ်။ အခုတော့ နည်းနည်းခေတ်မှီလာပြီး ထော်လာဂျီဝိုင်းတွေနဲ့ လာရောက်သူများလည်း ရှိပါတယ်။

သမိုင်းထင်ရှားပုဂ္ဂိုလ်များ

သာသနာ့အာဇာနည်တွေရယ်လို့ ထင်ရှားခဲ့တဲ့ ကျီးသဲလေးထပ်ဆရာတော်ဟာ၊ ရွှေတောင်မြို့၊ ကျီးသဲကျေးရွာ (ယခု ကျီးသဲမြို့) ရှမ်းတန်းကလေး၌ ဖွားမြင်ခဲ့ပါတယ်။ ဗန်မော်ဆရာတော်ရယ်လို့ ထင်ရှားခဲ့တဲ့ ဆရာတော် ကတော့ ရွှေတောင်မြို့ ကွမ်းညှပ်စဉ် ကျေးရွာမှာ ဖွားမြင်ခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း (ရွှေတောင် ဆရာလွမ်း)

မြန်မာစာပေပညာရှင်၊ ကဗျာဆရာ၊ ရာဇဝင်(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲ ဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေး အကျိုးပြုသမား အဖြစ်ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကို ရွှေတောင်မြို့ ဝါးလယ်ကျေးရွာ၊ အဖ ဦးစံထွန်း၊ အမိဒေါ်အုန်းတို့မှ ၁၂၃၇ခု တပေါင်းလပြည့်ကျော် ၁၄ရက်၊ (၁၈၇၆ မတ်လ၂၃ရက်) ကြာသပတေးနေ့၌ ဖွားမြင်ခဲ့ပါတယ်။

သမိုင်းထင်ရှားဖြစ်ရပ်များ

တော်လှန်ရေးကာလ ဂျပန်တွေကို ရွပ်ရွပ်ချွန်ချွန် တိုက်ခဲ့တဲ့ ရွှေတောင်တိုက်ပွဲကတော့ ဒုတိယစင်္ကာပူ တိုက်ပွဲ ရယ်လို့ ကမ္ဘာကျော်ခဲ့ပါတယ်။

ထင်ရှားသော ဒေသထွက်ကုန်နှင့် အစားအစာ

ရွှေတောင် စည်းလုံချည်ကတော့ ဒေသထွက်ကုန်ထဲမှာထင်ရှားလှပါတယ်။ ဟိုအရင်ကတော့ ရွှေတောင်စက္ကူ ဆိုတာ နာမည်ကြီးလှတယ်တဲ့။ ပါးလွန်းလို့ပါ။ ဘယ်တုန်းက ထုတ်လုပ်ခဲ့သလဲ ကျွန်တော်လဲ မသိပါဘူး။ အခုတော့ ဘာစက္ကူမှ မထွက်တော့ပါဘူး။

ရွှေတောင်ခေါက်ဆွဲ

အစားအစာထဲမှာတော့ ရွှေတောင်ခေါက်ဆွဲကတော့ ကမ္ဘာကျော် ပါတယ်။ အလည်တစ်ခေါက် ရောက်လာခဲ့ရင် ၀င်ရောက်သုံးဆောင်ကြည့်ပါလား။ ရွှေတောင်ခေါက်ဆွဲ စစ်စစ်ကို ရန်ကုန်ရေကျော် ရပ်မှာလဲ ဆိုင်ခွဲ ဖွင့်လှစ် ထားပါတယ်။

ရွှေတောင်သူ၊ ရွှေတောင်သားတွေရဲ့ ထူးခြားချက်ကတော့ သဘောကောင်းတာပါပဲ။ ဖေါ်ရွေတတ်ပါတယ်။ ကြုံကြိုက်ရင် အလည်တစ်ခေါက် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား။

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ရွှေတောင်မြို့ကို မအယ် ရောက်ဖူးတယ်။ ရွှေနတ်တောင်လည်း ရောက်ခဲ့တယ်။ ရွှေမျက်မှန် ဘုရားလည်း ဖူးခဲ့တယ်။ ဈေးထဲက အော်စကာ ခေါက်ဆွဲလည်း စားခဲ့တယ်။ ပျော်စရာ အလွန် ကောင်းပါတယ်။ မိုးကျ လက်ဘက်တွေလည်း ရှိတယ်။
    ရက္ကန်းကျောင်းလည်း ရောက်ဖူးတယ်။ စည်းလုံခြည်တွေ လှတယ်။ လွမ်းသွားပါတယ်။


    မအယ်

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1