ဇောက်ထိုးမိုးမျှော် ဤကမ္ဘာမြေ

ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ တစ်ချိန်က ကိုင်စွဲခဲ့တဲ့ အယူအဆတွေ အခြေအနေတွေ အားလုံး ပြောင်းလဲ ကုန်ပြီလား မသိ။ ပို၍တိုးတက်လာသည်ပင် ဖြစ်မည်။ ကြီးကြီးကျယ်ကျယ် ပြောရလျှင် ပါရာဒိုင်း ရွေ့လျားမှု ဟု ဆိုရလေမည်လား။ ဘာပဲဖြစ်ဖြစ်လေ တိုးတက်ခြင်းဆိုလျှင်တော့ လက်ခံရမည်ပေါ့။ အယူအဆသစ်တွေနဲ့ ကမ္ဘာကြီးက ပို၍လှပလာမည်လား။ ရင်ခုန်စရာကောင်းပါသည်။

ယခင်ကဆိုလျှင် လူဖြူလူယဉ်ကျေးများဟု ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ပြီး လူမဲများကို မစင်ကဲ့သို့ ရွံရှာတတ်သော လူဖြူကြီးများ အလယ်တွင် လူမည်းကြီး အိုဗာမားက အမေရိကန် သမ္မတအဖြစ် ၀င့်ထယ်နေပြီ။ လူမည်းများအတွက်တော့ ဂုဏ်ယူစရာ။ ကျွန်တော်လည်း ဂုဏ်ပြုလေးစားမိသည်။

သူရိန်…မင်းကဘာကောင်မို့ ကြီးကြီးကျယ်ကျယ် တွေလျှောက်ပြောနေတာလည်း ဟုမေးလာလျှင် ကျွန်တော် ဘာကောင်မှမဟုတ်ကြောင်း၊ လေးစာထိုက်လို့ လေးစားခြင်းသာ ဖြစ်ကြောင်း ရိုးသားစွာဝန်ခံပါရစေ ခင်ဗျာ။

နောက်ထပ်ပြောင်းလည်းမှုတစ်ခု၊ ကမ္ဘာအချမ်းသာဆုံးဟု သတ်မှတ်ထားသော အမေရိကန်နိုင်ငံက ယနေ့ ကာလတွင် ငွေကြေး ကသောင်းကနင်း ဖြစ်မှုကြောင့် အခြေအနေတွေ မယိမ်းယိုင်စေဖို့ ကျားကန်နေရ၏။ အကျိုးဆက်အားဖြင့် လွန်ခဲ့သော လအနည်းငယ်က အလွန်အမင်း မြင့်တက်သွားသော ကမ္ဘာရေနံဈေးနှုန်းက တရိပ်ရိပ် ကျဆင်းနေ၏။ ရွှေဈေးလည်းကျလာသည်ဟု သိရ၏။ အခြား ကုန်စည်များ၏ ဈေးနှုန်းလည်း ကျဆင်းလာ သည်ဟု ဂျာနယ်များတွင် ဖတ်ရ၏။

ကောင်းသောပြောင်းလဲခြင်းလား၊ အဆိုးပြောင်းလဲမှုလား။ ကျွန်တော်၏ တစ်မိုက် တစ်ထွာ ဥာဏ်ဖြင့် မဝေခွဲတတ်ပါ။ သို့သော် လူမှန်းသိတတ်စကတည်းက ဈေးတက်သည်သာ ကြားဖူး၍ ယခုလိုဈေးတွေ ကျသည်ဆိုတော့ ရင်ခုန်မိ၏။ စားသုံးကုန်တွေ ဈေးကျတော့မည်၊ ကားခတွေဈေးကျတော့မည်။ အ၀တ်အထည်တွေ ဈေးကျတော့မည်။ ရင်ခုန်စရာကောင်းသည် မဟုတ်ပါလား။ မနေ့က ဘတ်စကားစီးတော့ ၅၀ိ/- ခရီးကို ၁၀၀ိ/- တန်ပေးတော့ ပြန်မအမ်း။ ရှိစေတော့လေ၊ အကြွေမှမရှိတာ၊ ဘာတတ်နိုင်မှာလည်းပေါ့။


အင်း….ငွေကြေးကသောင်းကနင်းဖြစ်မှုကြောင့် ကမ္ဘာ့သန်းကြွယ်သူဌေးကြီးတွေ တော်တော်အထိနာသည်ဟု သိရပြန်သည်။ ဒေါ်လာတွေ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးကြသည်တဲ့။ သနားပါတယ်၊ သူတို့တွေအိပ်မှ ပျော်ပမလား။

ချဲလ်ဆီးကလပ်ပိုင်ရှင် ရုရှားသူဌေးကြီး အေဗရာမိုဗစ်ခ်ျ ကြီးလည်း အပြောင်းအရွှ့ကာလမှာ ဘောလုံးသမား အသစ်ဝယ်ဖို့ လက်တွန့်နေသည်တဲ့။

စပိန်ထိပ်သီးစာရင်းဝင် ဗလန်စီယာကလပ် အသင်းကလည်း အကြွေးတွေ ပတ်လည်ဝိုင်းလို့ ဒေ၀ါလီခံရတော့ မလိုလိုတဲ့။ အင်း…ဒေဗစ်ဗီလာတို့ လခတွေမှ မှန်မှန်ရကြရဲ့လား….။

တစ်ချိန်က တန်ဆင်းဇုံက လွတ်ဖို့ မကြာခဏ ရုန်းကန်ရတတ်တဲ့ မန်စီးတီး အသင်းကတော့ ထိပ်သီးဘောလုံးသမာတွေကို မကြားဖူးသော ဈေးနှုန်းများနဲ့ ကမ်းလှမ်းနေသည်တဲ့။ အင်း….ဘာမှ မမြဲပါလား………. :)


အရှေ့တောင်အာရှရဲ့ ကျားတစ်ကောင်ဆိုပြီး အမြဲလက်မထောင်တတ်တဲ့ ထိုင်းနိုင်ငံကလည်း လှုပ်တုပ် လှုပ်တုပ်။ တက်လိုက် ဆင်းလိုက်နဲ့ ရောက်ရက်တွေ ခတ်နေပြန်၏။


စပ်စပ်စုစု လျှောက်သွားရင်း တွေ့ရတဲ့မြင်ကွင်းတွေကလည်း ငိုရမလို၊ရယ်ရမလို။ ကားဈေးတွေကျဆင်း လာပေမယ့် အရောင်းအ၀ယ်မဖြစ်လို့ စိတ်ပျက်နေတဲ့ ပွဲစားနှစ်ဥိးက လက်ဖက်ရည်နှစ်ခွက်၊ ဆေးလိပ်တစ်ပွဲ မှာသောက်ပြီး ၁၀၀၀ိ/- ရှင်းလိုက်ရလို့ စိတ်တိုနေဟန်ရှိသည်။


နယ်မှရန်ကုန်ကို တက်လာပြိး အလုပ်တစ်ခုရဖို့ ပြေးလွှားလှုပ်ရှားနေတဲ့ ကောင်လေးတစ်ယောက် ထောက်ခံ စာမိတ္တူကူးဖို့အသွား မိတ္တူဆိုင်က မရဘူး၊မီးပျက်နေတာ မသိဘူးလား ဆိုပြီးဟောက်ထုတ်လိုက်လို့ မျက်နှာငယ်လေး နဲ့ ပြန်ထွက်လာပုံက သနားစရာ။


စားသုံးသူဟာ အမြဲမှန်တယ်၊ စားသုံးသူရဲ့ ဆန္ဒကို အမြဲဦးစားပေးရမယ်၊ ဈေးကွက်အကြောင်း၊ ၀န်ဆောင်မှု အရေးပါပုံ စသည်ဖြင့်.. စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြတဲ့

စီးပွားရေးစာစောင် ကလောင်ရှင်များရဲ့ စကားဝိုင်းရှေ့က ကော်ဖီးပျော့ပျော့သောက်ချင်ရင်တော့ ရေသာသောက်လိုက်ပါ ဆိုတဲ့ ကြော်ငြာဆိုင်ဘုတ်ကြီး ကတော့ မိန့်မိန့်ကြီးနဲ့ ခပ်တည်တည်။

ဘာပဲဖြစ်ဖြစ်လေ… ထီတစ်စောင် ၂၀၀ိ/- ရောင်းနေမှန်း သိရဲ့သားနဲ့ ဆယ်စောင်ကို ၃၀၀၀ိ/- ပေးဝယ်ခဲ့ရတဲ့ ကျွန်တော်က နှစ်ဦးရဲ့ ပထမဦးဆုံး သိန်းတစ်ထောင် ကံထူးရှင် မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ.. :D

မှတ်ချက်။ ။ ဤစာကို အတည့် အတိုင်းရေးခဲ့ပါသည်။ ကမ္ဘာကြီးပေါ် တွဲလွဲခို၍ ဇောက်ထိုးရေးသည်ဟု ယူဆလိုက ယူဆနိုင်ပါသည်။



Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1