ဆောင်းဝင်လေပြီ


ရန်ကုန်ပြန်ရောက်တာ တစ်လကျော်သွားပြီ။ တန်ဆောင်မုန်းလပြည့်နေ့ ကစပြီး တစ်စတစ်စ အေးလာ၏။ ဒါပေမယ့် ရန်ကုန်ဆောင်းက ကျွန်တော်တို့ နယ်မှာလိုမဟုတ်။ မျှတသည်ဟု ပြောနိုင်၏။ ဆောင်းရာသီကို ကျွန်တော်နှစ်သက်ပါသည်။ ခြောက်သွေ့၏။ နေထိုင်ရတာ သက်သာ၏။ အာရုံကို လန်းဆန်စေ၏။


နယ်မှာကျန်ခဲ့သော ကျွန်တော့်ပန်းပင်များကို လွမ်းမိသည်။ ဒီအချိန်ဆိုရင် ဆောင်းနှင်းစက်များနှင့် အတူ လန်းဆန်းနေတော့မည်။ သြော်…. အိမ်ကို ပြန်မရောက်တာတောင် ကြာခဲ့ပြီပဲ။


ယခင်အခါက ဆောင်းရာသီရောက်ပြီဆိုရင် ကျွန်တော်အလွန်ပျော်၏။ လတ်ဆတ်သော ဆောင်းလေပြည်နှင့်အတူ တက်ကြွရွှင်လန်းစွာ ဖြတ်သန်းခဲ့ရသော အတိတ်ကာလများကို လွမ်းမော သတိရမိသည်။


နယ်ဆောင်းက ရန်ကုန်ဆောင်းလို မဟုတ်။ အအေးဓာတ်ကဲ၏။ ငယ်ငယ်ကဆိုရင် ဆောင်းဝင်ပြီ ဆိုသည်နှင့် ခြံထဲကို ရှင်းတော့သည်။ ခြံထဲတွင် နှစ်ရှည်ပင်ကြီးများ ရှိတော့ ညနေဆိုရင် အမှိုက်များကို လှည်း၍စုပုံထားလိုက်၏။ နံနက်စောစောထ ညနေကစုထားခဲ့သော အမှိုက်များကို မီးရှို့ပြီး မီးလှုံရင်း၊ ထန်းပင်ပေါက်(ထန်းမြစ်)များ မီးဖုတ်စားရင်း စာကျက်ခဲ့ဘူးသည်။ တစ်ခါတစ်ရံ သူငယ်ချင်းများစု၍ မီးလှုံရင်း ၀ိုင်းဖွဲ့စကားပြောကြ၊ ငြင်းကြ၊ ခုန်ကြ။ ပျော်စရာကောင်းလှ တော့သည်။


ခြောက်သွေ့ရာသီရောက်ပြီ ဆိုသည်နှင့် ရာသီပွဲများ၊ ဒေသခံပွဲတော်များမှာ စုပေါင်းပါဝင် ဆင်နွှဲဖို့ အားခဲနေကြတော့သည်။ အခုတော့ နယ်ပယ်အသီးသီးမှာ ဘ၀ရှင်သန်ရပ်တည်ရေးအတွက် ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ကျင်လည်နေကြရသည်။ အကြောင်းအားလျှော်စွာ တိုက်ဆိုင်ပါမှ ဆုံတွေ့နိုင်တော့သည်။ သူငယ်ချင်းတို့ရေ…. အားလုံးကို သတိရတယ်ကွာ။


ဘ၀ဆိုတာရှင်သန်ရတာ တိုတောင်းလှပေမယ့် ရုန်းကန်ရတာ ပင်းပန်းလှ၏။ မျှော်လင့်တာတွေ ဖြစ်လာရင် ပျော်ရွှင်ရ၏။ မမျှော်လင့်တာတွေကြုံရတဲ့အခါ ၀မ်းနည်းရ၏။ ကြေကွဲရ၏။ ဩော်…. ဘ၀ဆိုတာကိုက ဒါပဲလေ။ လိုချင်တိုင်းသာရခဲ့ရင်လည်း ငြီးငွေ့စရာပဲမဟုတ်လား။


စာအုပ်တစ်အုပ်မှာ ဖတ်ဖူးသည်။ `ူ´ဆိုသောဝေါဟာရက `လု´ဆိုတာကဆင်းသက်လာသည် ဟုထင်သည်တဲ့။ ဟုတ်မှာပဲ။ ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ လုနေရသည်ပဲ။ အချိန်ကိုလုရသည်။ နေရာကိုလုရသည်။ ငွေကိုလုရသည်။ အာဏာကိုလုရသည်။ အတ္တကိုလုရသည်။ လုနေရခြင်းကိုက လူတို့ရဲ့တာဝန်တစ်ရပ် ဖြစ်နေတော့သည်။


သို့သော် ကိုယ်အသာရဖို့တစ်ခုတည်းအတွက် တရားသည်၊ မတရားသည် စဉ်ခြင်နိုင်ခြင်း မရှိတော့ပဲ လုနေရလျှင်… ။ ကျွန်တော်တို့ အမှန်တကယ် ၀မ်းမြောက်ကြေနပ် နိုင်ကြမှာလား . . .? ငါသိပ်တော်တယ်လို့ လက်ခံနိုင်ကြပါသလား . . .?


ကျွန်တော်နားလည်သည်မှာ ``ဘ၀ဆိုတာ ဖြစ်ခြင်းနဲ့ ပျက်ခြင်းကြားက အကန့်အသတ်နဲ့သာရှိသော ကာလတစ်ခုသာ ဖြစ်ပါသည်။´´


မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများအားလုံး အေးမြသော ဆောင်းလေပြေနှင့် အတူ အေးချမ်းသော ဘ၀ကို ဖြတ်သန်းနိုင်ကြပါစေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1