မနေ့က စဉ်းစားမိတယ်။ ကျွန်တော်တို့တွေဟာ အခြေအနေအရပ်ရပ်မှာ အကြောင်းအမျိုးမျိုးနဲ့ မာနတံခွန်တွေ လွှင့်ထူတတ်ကြတယ်။ ကျွန်တော်လည်းပါတာပေါ့။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ဂုဏ်ဒြပ် တစ်ခုခုကြောင့်ပေါ့ဗျာ။ ဓနဂုဏ်၊ ရာထူးဂုဏ်၊ ပညာဂုဏ်၊ ဆွေဂုဏ်၊မျိုးဂုဏ်၊ ဂုဏ်. . ဂုဏ် . . ဂုဏ် . ။ ဂုဏ်ပေါင်းဆုံပေါ့ဗျာ။
သေသေချာချာ စဉ်းစားကြည်တော့ သမုဒ္ဒရာ ရေပွက်ပမာတဲ့။ ကျွန်တော်တို့နေရတဲ့ လူ့ဘ၀ဆိုတာ တိုတိုလေးပါ။ဘာဂုဏ်တွေ မောက်စရာရှိလို့လည်း။ ဘ၀ကို အေးအေးချမ်းချမ်းဖြတ်သန်းရင်း လောကအတွက်
လူုသားတွေအတွက် အကျိုးရှိတာတွေ ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့တွေဟာ အဓိပ္ပါယ် ရှိတဲ့ လူသားတွေ ဖြစ်လာကြမှာပဲ။
ကျွန်တော်တို့တွေသေရင် ဘာတွေမှ ယူသွားလို့ မရပေမယ့် ချန်ထားခဲ့လို့တော့ ရပါတယ်။ ကျွန်တော်တို့ဘာတွေ ချန်ထားခဲ့ကြမလဲ။ကျွန်တော်ငယ်ငယ်ကတည်း ကျက်မှတ် ခဲ့ဘူးတဲ့ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာလေးကို ပြန်လည်သတိရမိတယ်။ ထပ်ပြီးတော့လည်းဆင့်ကဲဆင့်ကဲ ဆရာကြီးရေးခဲ့တဲ့ ဘ၀အသိအလိမ္မာပေးကဗျာတွေကို သတိရမိပြန်ပါတယ်။ ကျွန်တော်လေးစားရိုသေခဲ့ရတဲ့ ဆရာကြီးရဲ့ကဗျာတွေကို ရွတ်ရင်းအိပ်မပျော်တဲ့ ညကိုဖြတ်သန်းခဲ့ပါတယ်။
သင်သေသွားသော်
သြော်လူ့ပြည်၊လူ့ရွာ လူ့ဘ၀ကား . . .
အိုရနာရ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား . . .
သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာ၊စကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက် ၀င်းလျှက်
ကျန်စေသတည်း . . .။
ဂုဏ်အလှ
ရွှေဂုဏ်၊ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောကအကာမျှတည့်
သူကငြူဆူ၊ မကြည်ဖြူက
ခွာယူလိုက ခွာ၍ရ။
ရိုးဂုဏ်၊ ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက နှစ်သာရတည့်
သူကငြူဆူ၊ မကြည်ဖြူလည်း
ခွာယူမရ ကွာမကျ။
စာပေအလှ
ကိုယ်ရည်သွေးလို
ပလွှားလို၍
သူ့ကိုမုန်းတီး
အမျက်ကြီး၍
ပြစားချင်၍ ယဉ်ပေ့စိတ်ကူး
စာသံကျူးလည်း၊
စိတ်ကူးယဉ်မျှသာမည။
လောကကောင်းဆိုး
ကံသုံးမျိုး၏
ကျိုးပြစ် ကျိန်လျှာ၊ အမြင်ပါ၍
မေတ္တာ ဓမ္မ၊ အမြင်ပြ၍
ဘ၀ခြေခံ စိတ်ကူးဥာဏ်ဖြင့်
ဖန်တီးပါမှ
စာအလှ။
အိမ်အလှ
အိမ်နောက်စိုက်ခင်း
စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်
လေနေ၀င်နှင့်
အားအင်မျှတ ဗန်းမလှလည်း
စိတ်ကမေတ္တာ
လက်မှာစာဂ
နှုတ်ကဖြောင့်ရိုး
အနေရိုးမူ
သူ့ကျိုး ကိုယ်ကျိုး
ထိုအိမ်မျိုး။
ဥစ္စာရှာရာ
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့၊ ကိုယ်ကျိုးငဲ့၍
ရာခဲ့မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊ အရိပ်မည်း။
ကိုယ့်ထူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား လက်က်ုင်ထား၍
သနားမေတ္တာ အလေးသာ၍
ရှာရသမျှ ထိုငွေစ၌
ဖိုးလမုလေး စမ်းရေအေး။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့