ဒီနေ့လွတ်လပ်ရေးနေ့၊ ဒီနေ့ရောက်တိုင်း မြန်မာနိုင်ငံ တ၀ှမ်းလုံး ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲကြသည်။ သူ့ကျွန်ဘ၀ ကျရောက်ခဲ့ချိန်မှ ကိုယ့်နိုင်ငံကိုယ်လူမျိုး လက်ထဲမှာ ပြန်လည်၍ လွတ်လပ်စွာ တည်ဆောက်ခွင့် ရသောကြောင့် ပျော်ရွှင်ခြင်း အထိမ်းအမှတ် အဖြစ် ဆင်နွှဲကြသည်။ တွေးကြည့်လျှင် အမှန်တကယ် ပျော်စရာပါ။ အတားအဆီး အချုပ်အနှောင် တွေကြားမှ ရှင်သန်နိုးထခွင့်ရသော အချိန်ကာလ မဟုတ်လား။ ရန်ကုန်မြို့မှာလည်း လမ်းတိုင်း၊ ရပ်ကွက်တိုင်းမှာ ပျော်ပွဲရွှင်ပွဲ အားကစားပွဲများ ကျင်းပကြသည်။ ကလေးတွေ ပျော်ရွှင်ရသော နေ့တစ်နေ့ ဟုလည်း ဆိုရပေမည်။လွတ်လပ်ရေးနေ့မှာ ကျွန်တော်လည်း လွတ်လွတ်လပ်လပ်နေပြီး လွတ်လွတ်လပ်လပ် တွေးခဲ့မိသည်။

ကိုယ့်ထီးကိုယ့်နန်းနှင့် နေခဲ့သော ကျွန်တော်တို့ မြန်မာနိုင်ငံသည် ကုန်ဘောင်မင်းဆက် ၁၁ဆက်မြောက် သီပေါဘုရင် လက်ထက် ၁၈၈၅ တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်ခဲ့ပြီး ကျွန်ဖြစ်ခဲ့ရသည်ဟု ငယ်စဉ်က မြန်မာ့သမိုင်းတွင် သင်ခဲ့ရသည်။
ကျရှုံးပြီးကတည်းက ပြန်ရရှိရန် အကြိမ်ကြိမ် ကျိုးပမ်းအားထုတ်ခဲ့ကြသော်လည်း ၁၉၄၈ ဇန်န၀ါရီ ၄ ရက်တွင်မှ အချုပ်အခြာ အာဏာကို ပြန်လည်ရရှိ၍ လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည် နိုင်ခဲ့သည်။ ၆၃နှစ် ကြာခဲ့သည်။ ဒီလောက်ကြာရတာ ဘာကြောင့်လည်း။ သမိုင်းတွင်သုံးသပ် ပြခဲ့သည်မှာတော့ တစ်နိုင်ငံလုံး စည်းလုံးညီညွတ်မှု မရှိခြင်း၊ ပဒေသရာဇ်စနစ်ကို ပြန်လည်အသက်သွင်းရန် ကြိုးစားခြင်း၊ ခေတ်မှီ နည်းပညာများ မရှိခြင်း တို့ကြောင့် ဖြစ်ပါသည်ဟု မှတ်သားခဲ့ ရပါသည်။တလောက ဘလော့တစ်ခုတွင် ဖတ်ခဲ့ရသည်။ လွန်ခဲ့သော ၁၀နှစ်က our country is a developing country တဲ့။ အင်္ဂလိပ်စာ စာစီစာကုံးရေးရာတွင် သူရေးခဲ့ပါသည်တဲ့။ ဟုတ်ပါသည်။ ကျွန်တော်လည်း ရေးခဲ့ပါသည်။ ကျွန်တော်ဆိုလျှင် လွန်ခဲ့သော ၁၅ နှစ်ကတည်းက ရေးခဲ့ခြင်းဖြစ်ပါသည်။ ၁၅နှစ်ကြာ ယခုကာလတွင် developed country လို့ တိန်တိန်မြည် ရေးသင့်ပြီတဲ့။ သို့သော် ကျွန်တော့် တပည့်များလည်း လွန်ခဲ့သော ၁၅နှစ်က ကျွန်တော်ရေးခဲ့စဉ်က အတိုင်း မပြောင်းမလဲ ရေးသားနေဆဲ။ ၁၅နှစ်ကြာခဲ့ပြီ၊ developed country လို့ ဘာကြောင့် မရေးနိုင်ရသေးတာလဲ။ ကျွန်တော်တို့ ညံ့ခဲ့ကြလို့ပေါ့။ လွတ်လပ်ရေးရရန် ၆၃ နှစ်ကြာခဲ့သည်။ စုံးစုံးမြုတ်သော ဘ၀မှ ၆၃နှစ်အကြာတွင် လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်အောင် ဗိုလ်ချုပ်တို့ ဆောင်ရွက် နိုင်ခဲ့သည်။ အလွန်လေးစား ထိုက်ပါသည်။ ဗိုလ်ချုပ်ကွယ်လွန်တော့ အသက် ၃၂နှစ်ပဲ ရှိသေးသည်။ လွတ်လပ်ရေး ရပြီးသည်မှာ ၆၃နှစ်တိုင်ခဲ့ပြီ။ developed country လို့ ကျွန်တော်လည်း မရေးနိုင်ခဲ့သလို ယနေ့ကျွန်တော့် တပည့်များလည်း မရေးနိုင်သေးပါ။ ကျွန်တော်တို့ အဖေတို့လည်း ညံ့ခဲ့ကြသည်။ ကျွန်တော်တို့ အဖိုးတွေလည်း ညံ့ခဲ့ကြသည်။
မိဘများသည် မိမိထက် သားသမီးတွေကို ပိုမိုတိုးတက် စေလိုကြသည်။ ဆရာများသည် မိမိထက် တပည့်များကို ပိုမိုတတ်ကျွမ်း စေလိုကြသည်။ ဒါကဆန္ဒဖြစ်ပါသည်။ သို့သော် ဆန္ဒကို ကွန်တော့်အဖိုးတို့ အကောင်အထည် မဖော်နိုင်ခဲ့။ ကျွန်တော့် အဖေတို့လည်း အကောင်အထည် မဖော်နိုင်ခဲ့။ ကျွန်တော်တို့လည်း မဖော်ဆောင်နိုင်သေး။ အဖိုးတို့၊ အဖေတို့၊ ကျွန်တော်တို့ ညံ့ခဲ့သော်လည်း၊ ကျွန်တော့်သားတွေ ကျွန်တော့် တပည့်တွေ မညံ့စေလိုတော့။ သားစဉ်မြေးဆက် ညံ့နေလို့တော့ မဖြစ်သင့်တော့။
ကျွန်တော်တို့ ဆက်လက်ညံ့နေလျှင် ကျွန်တော်တို့ မျှော်မှန်းနေသော ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်က နောက်ထပ် ၆၃နှစ် စောင့်နေရဦးမည်လား။ ကျွန်တော်တို့ မလုပ်နိုင်သော တစ်ချို့ အရာများကို ကျွန်တော်တို့ ဆုပ်ကိုင်ထားရန် မသင့်တော့ပြီ။ ပိုမိုအစွမ်းထက်မည့် ကျွန်တော်တို့ သားတပည့် များထံ လက်လွှဲသင့်ပေပြီ။ ကျွန်တော် မလုပ်နိုင်သည်များကို လုပ်နိုင်မည့်သူများထံ လက်လွှဲရန် လွတ်လပ်ရေး နေ့တွင် ကျွန်တော် လွတ်လွတ်လပ်လပ် ဆုံးဖြတ်လိုက် ပါတော့သည်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့