ဖတ်မိ၊ တွေးမိ၊ ရေးမိသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး စတင်ပါတော့မည်။ ကမ္ဘာဖလား ပွဲစဉ်များကန်မည့် တောင်အာဖရိကမှ ဘောလုံးကွင်း များကို ကြည့်ရင်း ငါတို့ဆီက အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ဗထူးကွင်းများလည်း ဒီလိုခမ်းနား ထည်ဝါပြီး မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်ကြီး၏ ကမ္ဘာ့ ဖလားအဖွင့်ပွဲစဉ်များကို မြိန်မြိန်ရှက်ရှက်ကြီး ထိုင်ကြည့်ရမည့် နေ့ရက်များဆီသို့ မျှော်လင့် ရင်ခုန်ကြည့်မိသည်။

အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည် စုပ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်နိုင် ခက်သည့်အမျိုး ဟုမှတ်သား ခဲ့ရပါသည်။ အိမ်ထောင်ရေး ဖေါက်ပြန်လို့ အက်ရှလေကိုးအား ကွာရှင်းတော့မည့် ချယ်ရီကိုးသည် တစ်ချိန်က ထိုးထားခဲ့သော လည်ကုပ်ပေါ်ရှိ Mrs.C ဆိုသော tattoo ကိုပါ ဖျက်ပစ်တော့မည်တဲ့။ နည်းပညာ ခေတ်ကြီးတွင် အဆိုအမိန့်များလည်း တစ်ချို့ တစ်ဝက် ပြောင်းလဲပစ်လို့ ရနေပြီလား။

ဓါတ်ငွေ့ပိုက်လိုင်း အပေါက်တွေ ဖာပြီးသွားပြီတဲ့။ ဒါကြောင့် ရန်ကုန်မြို့က ဓါတ်အားပေး စက်ရုံများ လည်ပတ် နိုင်ပြီး ဇွန်လတွင် လျှပ်စစ်ဓါတ်အားရချိန် ပိုမိုလာတော့မယ်တဲ့။ ဂျာနယ်တွေမှာ သတင်းဖတ်ရပါသည်။ မိုးရာသီ ကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးများ ခေတ္တရပ်နားချိန် ဖြစ်သဖြင့် ယခင်နှစ်များတွင်လည်း မီးလာချိန် ပိုရတတ်ပါသည်။ မည်သို့ပင်ဆိုစေ ဂျာနယ်များ၏ သတင်များ မှန်ကန်ပါစေကြာင်း ဆုတောင်း လိုက်ပါ၏။

ဆရာ…ဆရာ ကျွန်တော်အောင်တယ်ဗျ၊ ဂုဏ်ထူးတစ်ခုပါတယ် ဆိုပြီး ကျောင်းသားဟောင်း တစ်ယောက် ကျွန်တော့်ဆီကို အပြေးအလွှား အားရ၀မ်းသာ လာပြောပါသည်။ ဟေ….ဟုတ်လား ၀မ်းသာလိုက်တာကွာ။ ဒီနေ့အောင်စာရင်း ထွက်သွားပြီလား၊ ငါတောင်မသိလိုက်ဘူး ဆိုတော့ အောင်စာရင်း မထွက်သေးပါဘူး ဆရာတဲ့။ သြော် … အကယ်ဒမီဆုပေးပွဲ မကျင်းပမီ ဘယ်သူရမည် ဆိုတာမျိုး တစ်ကြိုခန့်မှန်းတာမျိုး ဖြစ်လိမ့်မည်ဟု ကျွန်တော် ယူဆမိပါသည်။ ခန့်မှန်းချက်များ မလွဲအောင် ကျွန်တော်ဆုတောင်း ပေးလိုက်ပါသည်။

တနေ့က တောင်ဥက္ကလာမှာ မီးလောင်သွားသည်။ စပ်စုတတ်သော ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်က တောင်ဥက္ကလာဈေး မီးလောင်သွားတယ်ဆို ဟုတ်လားဆိုပြီး လာမေးပါသည်။ ဟင်…မကြားမိပါလား ဆိုပြီး ကျွန်တော်လည်း အင်တာနက်ပေါ် အပြေအလွှား ရှာကြည့်မိသည်။ ဘာမှမတွေ့ပါ။ အမှန်တကယ် ဖြစ်ခဲ့လျှင် ဒီအချိန် သတင်းတွေ တက်နေလောက်ပြီပေါ့။ နောက်မှ ဂျာနယ်တစ်ဆောင်တွင် ဖတ်ရသည်က တောင်ဥက္ကလာ နေအိမ်တစ်လုံး မီးလောင်သွားသည်တဲ့။ လူတစ်ယောက် သေဆုံးခဲ့ရသတဲ့။ မီးဟေ့ ဆိုသည်နှုင့် လူတွေလည်း ဈေးတွေပဲ ပြေးမြင်ယောင်နေကြပြီလား မသိ။

မိုးတွေရွာလာပါပြီ။ ဟိုအရင်ဆီကတော့ မိုးတွင်းကာလများကို မနှစ်သက်ပါ။ သွားရေးလာရေး အနှောက်အယှက် ဖြစ်သည်ဟု ထင်မိသောကြောင့် ဖြစ်ပါသည်။ စံချိန်တင် အပူလွန်ကဲမှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားပြီးသည်က တစ်ကြောင်း၊ အရပ်ဒေသ အချို့တွင် သောက်သုံးရေ ခန်းခြောက်၍ ဒုက္ခများခဲ့ရသည်များကို တွေ့မြင်မိသည်က တစ်ကြောင်း၊ စသည်စသည်တို့ကြောင့် မိုးမြန်မြန်ရွာပါစေဟု စိတ်လိုလက်ရ ဆုတောင်းခဲ့ပါသည်။ အခုမိုးတွေ ရွာပါပြီ။

ယခုနှစ်နွေရာသီ အလွန့်အလွန် ပူလှပါသည်။ စံချိန်လွန်အောင် ပူသည်ဟု သတင်းအချို့တွင် ဖတ်ရပါသည်။ အပူချိန်လွန်ကဲမှုကြောင့် သက်ကြီးရွယ်အိုနှင့် လယ်သမားများ အပျောက်အရှ များခဲ့သည်ဟု မန္တလေးသို့ ရောက်သွားစဉ် ဒေသခံတစ်ဦးမှ ပြောပြပါသည်။ မစည်ကားအပ်သော နေရာဖြစ်သော သုသာန်များတွင် (မန္တလေးမှာတော့ နှစ်ခုရှိသည်လို့ ပြောပါသည်။) အလွန်စည်ကား သွားခဲ့ကြောင်း ထိုသူမှပင် ဆက်ပြောပြ ခဲ့ပါသည်။ ဘာလို့ ဒီလောက် ပူခဲ့ရပါလိမ့်။ သစ်တောတွေ ပြုန်းတီးလို့လား၊ ၂၄နာရီနီးပါး မောင်းနေကြတဲ့ မီးစက်တွေရဲ့ မီးခိုးတွေ ကြောင့်လား၊ အိုဇုံးလွှာ အပေါက်ကြီးကပဲ ပိုကျယ်လာလို့လား၊ နာဂစ်ကြောင့်လား၊ အယ်လနီးညိုးကြောင့်လား၊ မြောက်ကိုရီးယား၊ အီရန်တို့ရဲ့ နယူကလီးယား အစွမ်းပြမှုတွေကြောင့်လား၊ လား … လား … လား။ ကျွန်တော် အသေအချာမသိပါ။ သေချာသည်ကတော့ အလွန်ပူခဲ့ပါသည်။

ဂျာနယ်တစ်ဆောင်တွင် ကာတွန်းငွေကြည်က နောင်နှစ်တွေမှာ ဒီနှစ်လိုအပူချိန်ကို မခံစားရဖို့ မိုးရာသီမှာ သစ်ပင်တွေကို ပိုမိုစိုက်ကြစို့လို့ တစ်ကွက်ကာတွန်းဖြင့် တိုက်တွန်းထားပါသည်။ မိုးရာသီရောက်လျှင် သစ်ပင်စိုက်ချင်သော ကျွန်တော့်၏ ၀ါသနာပိုးများလည်း ပြန်လည်ထကြွ လာပါသည်။ ဘာ့ကြောင့်ရယ်တော့ မသိ။ သစ်ပင်စိုက်ခြင်းကို ငယ်စဉ် ကတည်းက ၀ါသနာပါပါသည်။ ခြံထဲတွင် ကျွန်တော်စိုက်လွန်းလို့ ခြုံထပြီး၊ ခြင်ပေါသည်ဆိုပြီး အမေက သစ်ပင်တွေ ခုတ်ခုတ်ပစ်လို့ ကျွန်တော်နှင့် မကြာခဏ ရန်ဖြစ်ရပါသည်။ ရန်ကုန်ရောက်ကတည်းက သစ်ပင်မစိုက် နိုင်ခဲ့သည်မှာ ကြာပါပြီ။ အခါအခွင့်သင့်လျှင် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မျှ မပါပဲ ကျွန်တော့် ဆန္ဒအလျောက် သစ်ပင်များ စိုက်ပါဦးမည်။ ဥတုရာသီ တောကိုမှီ၏။ တောရိပ်ခိုနေ အပန်းပြေ၏။

2 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. သစ်ပင်တွေ စိုက်နိုင်ပါစေ.။

    ردحذف
  2. အတွေးလေးတွေ ဖတ်ရတာ စိတ်ဝင်စားစရာပါ။

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1