ကျွန်တော်နှင့် ပျော်စရာ အချိန်ကလေးများ

ဘ၀မှာ အပျာ်တွေ တော်တော်ပါးရှား သွားခဲ့ပြီ။ ဒါပေမယ့်လည်း ပျော်စရာ အချိန်လေးတွေ ကျန်နေသေးတော့ နေလို့ ရပါသေးတယ်။ ဘ၀ဟာ ကိန်းသေတွေနဲ့ ဖွဲ့စည်းထားတာမဟုတ်မှန်း သိသွားတာ မကြာသေဘူးတဲ့ blogger အစ်မတစ်ယောက်က ပြောတယ်။ ဘယ်ဟုတ်မလဲဗျာ။ ဒီစကြာဝဠာ ကြီးထဲမှာ universal constant ဆိုတာ light speed ပဲ ရှိတာလေ။ သိတာကြာပေါ့။ respectအနိစ္စဆိုတာ ငယ်ငယ် ကတည်းက ကြားဘူးတယ်လေ...။ ဒါပေမယ့် အတ္တကို မပယ်နိုင်သေးတဲ့ လူတစ်ယောက်မှာ ခံစားချက် ရောင်စုံတွေကို ၀တ်ဆင်ရင်း အသက်ဆက် နေရတာပဲ။

စာသင်နေတဲ့ အချိန်ပျော်ရတယ်...။ ကလေးတွေနဲ့ တွေ့တဲ့အခါ ကိုယ်လဲ နုပျိုသွားသလို ခံစားရတယ်။ ကလေးဆိုတဲ့ အတိုင်း အပြစ်ကင်းတဲ့ မျက်နှာတွေမှာ အပူအပင်မရှိ။ ကျောင်းသားသဘာဝ ဟေးလား ၀ါးလား ပြောကြဆိုကြဆိုရင်တော့ ကြွက်ကြွက်ညံပါပဲ။ စာလုပ်ရပြီဆိုရင်တော့ ဈေးဆစ်တတ်ကြပြီ။ သြော် ... ကိုယ်လဲ ဒီဘ၀က လာခဲ့တာ သဘာဝကို နားလည်ရမှာပေါ့။ တစ်ခါတရံ အချိန်ကာလနဲ့ အခြေအနေကို ထည့်တွက်ပြီး ဖိအားပေး ခိုင်းရတာတွေလည်းရှိရဲ့။ ဒီလိုဆိုရင် သူတို့လေးတွေ ခြေဆောင့်ချင်ကြပြီ။ ခပ်တည်တည် ဟောက်လိုက်ပြီ ဆိုရင်တော့ အသာငြိမ်လို့ ဆရာပြောတာ ဂရုစိုက်နားထောင် နေတဲ့ပုံစံလေးတွေနဲ့။ ဘာပဲပြောပြော ဒီလိုငြိမ်နေတုန်းလေး သွက်သွက်ခိုင်းမှ အလုပ်ကလည်း ပြီးတယ်။ ဒီနေ့ ကျောင်းသားတွေရဲ့ နေ့စဉ်ဘ၀မှာ ဗာဟီရတွေကလည်း အများသား။

စားမေးပွဲစစ်ပြီလား မေးခွန်း ခန့်မှန်းချက်တွေ တောင်းပြီ။ Unseen လို့ပြောလိုက်ရင် စိတ်ပျက် သွားတဲ့ မျက်နှာလေးတွေက တစ်ခါတစ်ရံ သနားစဖွယ်။ တစ်ခါတရံလည်း စိတ်တိုချင်စရာ ကျောင်းသာဘ၀တွေ့ရတဲ့ unseen ဆိုတာ လက်တွေ့ဘ၀မှာ တွေ့ရမယ့် unseen တွေ့နဲ့ ယှဉ်လိုက်ရင် မင်းတို့အတွက် သိပ်ကိုပေါ့ပါး ပါတယ်။ အားထုတ်ကြစမ်းပါ ဘယ်လိုပဲ တိုက်တွန်းပါစေ အများစုကတော့ မျက်နှာတွေ ခပ်ပျက်ပျက်။ ကိုယ့်တုန်းကလဲ ဒီလိုပါပဲလေ...။ ဆရာတွေ ဘာပြောပြော လောလောဆယ် သက်သာဖို့ အရေးကြီးတယ် မဟုတ်လား။ဒါက အစဉ်အလာလို ဖြစ်နေတော့လည်း ချော့တစ်ခါ ခြောက်တလှည့်နဲ့ ရှေ့ဆက်နေရဆဲ။

ကျွန်တော် စစ်တုရင် ကစားရတာ ၀ါသနာပါတယ်။ ကိုးတန်းကျောင်းသား ဘ၀လောက်ကတည်းက စပြီး ကစားခဲ့တာ။ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုထိ အချိန်ရရင်ရသလို ကစားနေဆဲ။ ဥာဏ်ရည်နဲ့ ကစားရတဲ့ တစ်ခုတည်းသော အားကစားနည်းလို့ ပြောရမလား။

စတင်ကစားတုန်းကတော့ သူများတွေ ပြိုင်ပွဲဝင်ကြတာကို သွားကြည့်ရင်း ပွဲကစားရင် တဖက်လူကို မခံချင်အောင် ခပ်ရင့်ရင့် အမြဲပြောတတ်တဲ့ လူတစ်ယောက်ကို မကျေမနပ်ဖြစ်ရာက စ,ကစားဖြစ်တယ် ဆိုပါစို့။ ခြောက်လလောက် ကြိုးစားလေ့လာပြီး ကစားလိုက်တာ တိုတိုပြောရရင် အဲဒီလူကို ပွဲတိုင်း နိုင်သွားတယ်ပေါ့။ ပွဲကစားတိုင်း စကားနဲ့အမြဲကြော တတ်တဲ့ သူ့ကိုဘာစကားမှ မပြောပဲ ပွဲပြီးတိုင်း အေးအေးသက်သာ ပြုံးပြနိုင်ခဲ့တယ်။

အဲဒီနောက်တော့ မခံချင်စိတ်နဲ့ ကစားတာထက် နည်းစနစ်တွေကို စနစ်တကျလေ့လာ ကစားခြင်းဟာ ပိုကောင်းတယ်လို့ သိလာတဲ့ နောက်ပိုင်းမှာ စာအုပ်တွေ ရှာဖွေဖတ်ဖြစ် လာခဲ့တယ်။ မှတ်မိသေးတယ်..။ ပထမဦးဆုံးစဖတ်ဖြစ်တာ နေ.. ရေးခဲ့တဲ့ ကားစပါးရော့နဲ့ ကားပေါ့တို့ရဲ့ ချန်ပီယံလုပွဲ။ ၂၄ပွဲ သုံးကြိမ်ယှဉ်ပြိုင်ခဲ့တာ အရှုံးအနိုင် မပေါ်ခဲ့လို့ နောက်ဆုံးအကြိမ် ၂၄ပွဲမှာ ၂မှတ်အသာနဲ့ အနိုင်ရသွားပြီး အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့ ကားစပါးရော့ရဲ့ ကစားကွက်တွေကို စလေ့လာမိတယ်။

တကယ်တော့ အဲဒီအချိန်က ဘာမှသိခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့်လဲ ရွှေ့ကွက်တွေကို လိုက်ရွှေ့ကြည့်ပြီး ကိုယ်တိုင်ပဲ ကမ္ဘာ့ချန်ပီယံလိုလို အထင်တွေရှိခဲ့တာ ခုနေခါ ပြန်တွေးကြည့်ရင် တော်တော်ရယ်စရာ ကောင်းသား။ ကျွန်တော်ကလည်း စိတ်ပါတဲ့ အလုပ်တစ်ခုဆို တစ်ချိန်လုံးဒါပဲ လုပ်နေတော့တာ။ စာအုပ်တွေလိုက်ဖတ်တာ တော်တော်စုံသွားတယ်။ ဗမာလိုရေးတဲ့ စာအုပ်တွေပါ။ ဦးတင်စွမ်း၊ ဆပ်သွားကုန်း မောင်မောင်အေး၊ မောင်မောင်လွင် (သစ်တော)၊ ထိုက်ထိုက် စသဖြင့်ပေါ့။ နေရောညရော ဖတ်ပြီး တွေ့သမျှလူနဲ့ လက်ဖက်ရည်ဆိုင်၊ ဆိုက်ကားဂိတ် နေရာတိုင်းမှာ လိုက်ကစား ခဲ့တဲ့အထိ ရူးသွပ်ခဲ့ဖူးတယ်။ အခုလည်းအားရင် အားသလို ကစားနေတုန်းပါပဲ။ စစ်တုရင် ကစားနေရတဲ့ အချိန်မှာ ကျွန်တော်ပျော်ပါတယ်။

တက္ကသိုလ်စတက်တော့ ရန်ကုန်မှာတက်ရတယ်။ ပထမနှစ်ပဲ တက်လိုက်ရပါတယ်။ အဲဒီနောက်ပိုင်း ကျောင်းတွေ နယ်ကိုရောက်ပြီး ကျွန်တော်တို့တွေ ကစဉ့်ကလျား ဖြစ်သွားပြီးတော့ ရန်ကုန်နဲ့ တော်တော် အဆက်ပြတ်သွားခဲ့တယ်။ ဒီလို့နဲ့ ၂၀၀၆လောက် ရောက်တော့ ရန်ကုန်မြေ တစ်ခါပြန်လည် ခြေချဖြစ် ပြန်တယ်။ အဲဒီအချိန်မှာ အင်တာနက်ဆိုတာကို စတင်ထိတွေ့လာတယ်။ ကျွန်တော့်အတွက်တော့ အသစ်အဆန်းပဲ။

ဒီလိုပဲ ဟိုကြည့်ဒီကြည့် ရင်းက chatting ဆိုတာ သိလာပြီး online ပေါ်မှာ ကိုယ်တစ်ခါမှ မမြင်ဘူး မတွေ့ဘူးတဲ့သူတွေနဲ့ ရင်းနှီးလာတယ်။ တစ်ချို့လည်း နောက်တော့ တွေ့ဘူးတယ်ပေါ့။ အဲဒီလို virtual world ထဲမှာ မွေ့လျော်နေရင်း လနည်းနည်းကြာတော့ မြန်မာ blog တစ်ခုကို တွေ့ခဲ့တယ်။ အော်... ဒီလို ရေးလို့ရသလား။ နဂိုထဲက ဟိုစပ်ဒီစပ် စိတ်ဝင်စားတတ်တဲ့ ကျွန်တော်၊ ကဗျားတို၊ စာတိုရေးရတာ ၀ါသနာပါတဲ့ ကျွန်တော် ဘလော့ဆိုတာကို စိတ်ဝင်စားပြီး ရေးကြည့်တယ်။ သူများတွေ ဗမာလိုရေးလို့ ရတယ်။ ကျွန်တော်မရဘူး။ ဘယ်ရမလဲ ဇော်ဂျီလက်ကွက်မှ မရှိတာ။ ဇော်ဂျီကလည်း စတင်ခါစဆိုတော့ သိပ်ပြီး မသုံးကြသေးဘူးလေ.။

မြန်မာလိုကလည်းရေးချင် ရေးလို့ကလည်းမရ၊ ရတဲ့နည်းနဲ့ တင်တယ်။ photoshop နဲ့ ရေးပြီး၊ image အနေနဲ့ တင်တယ်။ ရေးချင်တာပဲသိတယ်။ တခြား knowledge တွေ ဘာမှ မသိပါဘူး။ ဒီလိုနဲ့ ၃၊၄ လလောက် ရေးလာပြီး နောက်ပိုင်းတော့ ဟိုနဲနဲ ဒီနဲနဲ သိလာတယ်ပေါ့။ ဒီတော့ရေးချင်တာလေးတွေ ရေးခွင့်ရတယ်။ ဘယ်သူမှလဲ ခွင့်ပြုချက်တောင်းစရာ မလိုဘူး။ ဘလော့ရေးရတာ ပျော်လာတယ်။

အရင်ကရေးခဲ့တာ ဒီဘလော့မဟုတ်ဘူး။ ပျက်သွားပါပြီ။ ဖျက်လိုက်တာဆိုရင် ပိုမှန်မယ်။ သူ့ကို အလေးထားရင် ဒီဘလော့ကို ဖျက်ပစ်ပါဆိုတော့ ...ဟဲ...ဟဲ ....အလေးထားကြောင်း ပြချင်တာကိုး။ ဖန်တီးရတာသာ ခက်တာ။ ဖျက်တာ ကတော့ မြန်မှမြန်။  ပင်ပင်ပန်းပန်း ဖန်တီးလာခဲ့တာလေးတွေ click တစ်ချက်အောက်မှာ အားလုံးပျောက်.။ နှမြောတော့ နှမြောသား post တွေလဲ တစ်ရာနီးပါး။ ဒါပေမယ့် သူ့ကို ပိုအလေးထားကြောင်း ပြချင်ခဲ့တယ်လေ။ ကျွန်တော်အဲဒီလို ရူးသွပ်ခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ပေါ်မှာ ရေးချင်တာတွေ ရေးနေရတဲ့အချိန်မှာ ကျွန်တော်ပျော်ပါတယ်။

အခုတလော နောက်ထပ်ပျော်စရာ တစ်ခုကတော့  မခင်ဦးမေရဲ့ cbox လို့ပြောရမှာပါ။ အရင်ကတည်းက လည်း  ဒီ cbox ကိုတွေ့နေတာပဲ။ ဒါပေမယ့် premium မှန်းမသိခဲ့ဘူး။ အခုတော့ဒီမှာ အပြန်အလှန် အော်ကြ ဟစ်ကြ...။ ပြောကြဆိုကြ ..။ ပြီးတော့လည်း ကိုယ်အလုပ်ကိုယ်လုပ်ကြ၊ အားတဲ့အခါ ပြန်လာအော်လိုက်ကြ။ ကိုယ်သဘောတွေ့ရင် တွေ့သလို၊ မတွေ့ရင် မတွေ့သလို ပြောလိုက်ကြနဲ့။ ဘာပဲဖြစ်ဖြစ် ခဏတာတော့ သောကဗျာပါရတွေ လွင့်ပျောက်သွား။............. မခင်ဦးမေ...ကျေးဇူးတင်ပါတယ်။ premium  cbox လေး ၀ယ်ထား လို့ပါ။

ဆက်ရမယ့် ခရီးတွေအတွက် အားအင်တွေ မပါခဲ့ရင်တောင် သောကတွေနဲ့ သွားရမယ်ဆိုရင် ဘယ်လိုမှ ရှေ့ဆက်ဖို့ မလွယ်တော့ဘူး။ ကျွန်တော့်မှာ ပျော်စရာ အချိန်တွေရှိသေးရဲ့....။




Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1