ကျွန်တော်တို့တွေ…
ဆင်းရဲမှာကြောက်တယ်
ထမင်းငတ်မှာ ကြောက်တယ်
ပညာမတတ်မှာ ကြောက်တယ်
ရောဂါတွေ ခံစားရမှာ ကြောက်တယ်
မလှမှာကြောက်တယ်
အိုမင်းရင့်ရော်လာမှာ ကြောက်တယ်
ဥစ္စာပစ္စည်းတွေ ဆုံးရှုံးမှာကြောက်တယ်
ဥစ္စာပစ္စည်းတွေ မပိုင်ဆိုင်ရမှာ ကြောက်တယ်
ချစ်သူကို ဆုံးရှုံးရမှာ ကြောက်တယ်
မိတ်ဆွေတွေ စွန့်ခွာသွားမှာ ကြောက်တယ်
ဆရာကောင်းနဲ့ မတွေ့မှာကြောက်တယ်
သားသမီးတွေ လူလားမမြောက်မှာ ကြောက်တယ်
ရန်သူတွေ တိုက်ခိုက်ခံရမှာကြောက်တယ်
မာနကို စော်ကားခံရမှာ ကြောက်တယ်
ဂုဏ်သိက္ခာ ကျဆင်းမှာကြောက်တယ်
အားကိုးစရာမရှိမှာ ကြောက်တယ်
အားကိုးမယ့်သူမရှိမှာ ကြောက်တယ်
အနိုင့်ထက်ပြုခံရမှာ ကြောက်တယ်
အကြမ်းဖက်ခံရမှာ ကြောက်တယ်
ရေတွေကြီးမှာ ကြောက်တယ်
မီးတွေလောင်မှာ ကြောက်တယ်
မုန်းတိုင်းတွေတိုက်မှာ ကြောက်တယ်
ငလျင်တွေလှုပ်မှာ ကြောက်တယ်
စစ်ပွဲတွေဖြစ်မှာ ကြောက်တယ်
အေအိုင်ဒီအက်စ်ဖြစ်မှာ ကြောက်တယ်
ကင်ဆာဖြစ်မှာ ကြောက်တယ်
ကြက်ငှက်၊၀က် တုပ်ကွေး ဖြစ်မှာကြောက်တယ်။
ဆိုးဆေးတွေပါတဲ့ အစားအသောက်တွေ ကြောက်တယ်
ရေမလာမှာ ကြောက်တယ်
မီးတွေပြတ်မှာ ကြောက်တယ်
ဈေးနှုန်းတွေ တက်မှာကြောက်တယ်
လုပ်ငန်းတွေ မလည်ပတ်မှာ ကြောက်တယ်
ကြောက်တတ်သူလို့ အပြောခံရမှာ ကြောက်တယ်
သေရမှာကြောက်တယ်
ရှင်သန်ရတဲ့ အချိန်ကာလ တိုတိုလေးမှာ ကြောက်စရာတွေ ပေါလှတယ်။ ကြောက်လို့ ကာကွယ်လေ ကြောက်စရာတွေ တိုးလားလေ ပါပဲ။ အတော်များများ သောသူတွေ (ကျွန်တော်လည်း ပါတာပေါ့ဗျာ) အကြောက်တရားတွေ မသိမသာ မျိုသိပ်ရင်း နေ့စဉ်နဲ့အမျှ ထိတ်လန့် တုန်လှုပ်စွာ ရပ်တည်နေရတယ်။
ဒီလိုနဲ့ အချိန်တန်လို့ ဒီလောကက စွန့်ခွာတော့လဲ အကြောက်တရားတွေ ပိုက်ထွေးရင်းပဲ စွန့်ခွာရသူ များမယ်လို့ ထင်ပါတယ်။ အဲလိုမကြောက်ရအောင် ဘာတွေလုပ်သင့်လဲ စဉ်းစားတယ်..။ ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင်ပေါ့။ ဘာသာတရားနဲ့ မွေ့လျော်ပျော်မွေ့ သူများကတော့ ဒီကြောက်ရွံ့မှု ဒဏ်တွေကို အထိုက်အလျောက် သက်သာအောင် ကုးစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဘာသာတရားကို ယုံကြည်သော်လည်း လက်တွေ့ကျင်ကြံမှုမရှိတဲ့ ကျွန်တော်တို့လို မိရိုးဖလာတွေကကော ဘယ်လို ကာကွယ်ရမလဲ . . .။ ကျွန်တော် အကြံမပြုနိုင်ပါဘူး။ အကြံပြုနိုင်လောက်တဲ့ အရည်အချင်းလည်း ကျွန်တော့်မှာ မရှိပါဘူး။ ဒါလဲလာပြီး ပြစ်တင်ကြမှာ ကြောက်လို့ ကြိုတင်ကာကွယ်တာ လို့လဲ ပြောမယ်ဆို ပြောလို့ရတာပေါ့။
ကျွန်တော် ကြုံဖူးတာလေး ပြောရရင်တော့ ဂရုမစိုက်ခြင်း ဗျ။ ခန့်ခန့်ညားညား ပြောရရင် ဥပေက္ခာ လို့ ပြောရမလား။ ကြောက်တယ်ဆိုတဲ့ အရာတစ်ခုကို ခံစားမှုမရှိတော့ပဲ လုပ်ဆောင်ခြင်းလို့ ထင်တယ်။ ကြောက်ခြင်း၊ မကြောက်ခြင်း ဘာမှမရှိတော့ပဲ နေထိုင်လို့ရခဲ့ရင် အကြောက်တရားတွေ ကင်းဝေး သွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဆက်စဉ်းစား မိတာက အကြောက်တရားတွေ ကင်ဝေးသွားတဲ့ အခါ ရှင်သန်နေရတဲ့ ဘ၀ဟာ ပျင်းစရာကောင်းတယ် ဖြစ်ဦးမှာလား။ လူ့အလို နတ်မလိုက်နိုင်ဘူးလေ..။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့