ဖတ်ခဲ့ဘူးသော ပုံပြင်တစ်ပုဒ်

တစ်ခါတုန်းက အလွန်ကျော်ကြားလှတဲ့ နိုင်ငံကျော် ပန်းချီဆရာကြီးတစ်ဦး ရှိခဲ့ပါတယ်။ လက်ရာကောင်းပြီး နာမည်ကြီးလွန်းလို့ သူ့ရဲ့လက်ရာ ပန်းချီကားတွေကို နိုင်ငံရပ်ခြားကတောင် မှာယူကြပါသတဲ့။

တစ်နေ့တော့ ပန်းချီပညာကို စိတ်ဝင်စားပြီး ၀ါသနာလဲကြီးလွန်းတဲ့ လူငယ်လေး တစ်ယောက်ဟာ ပန်းချီဆရာကြီး ဆီမှာ တပည့်ခံပြီး ပညာသင်ယူပါတယ်။ ဒီလိုနဲ့ လူငယ်လေးဟာ ကြိုးကြိုးစားစား သင်ယူလာလိုက်တောင် သုံးနှစ် သုံးမိုးပြည့်တဲ့ အခါမှာတော့ ဆရာကြီးက တပည့်ဖြစ်သူကို
"ကဲ . . . ငါတပည့် မင်းလည်းဆရာ့ဆီမှာ တပည့်ခံပြီး ကြိုးစားသင်ယူခဲ့သလို ဆရာကလည်း သိသင့်တာ၊ တတ်သင့်တာတွေ အားလုံးကို မချွင်းမချန် သင်ပေးခဲ့ပြီ။ ဒီတော့ တတ်ထားတဲ့ အတတ်ပညာကို အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး ကိုယ်လျှောက်မယ့်လမ်းကို မသွေမဖယ်၊ မယိမ်းမယိုင်ပဲ၊ ပန်းတိုင်ဆီကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် မင်းအောင်မြင်မှာပဲ။ "
လို့မှာကြားလိုက်ပါသတဲ့။

လူငယ်လေးလည်း ဆရာကြီးကို နှုတ်ဆက်ကန်တော့ခဲ့ပြီး ဌာနေကို ပြန်လာခဲ့ပါတော့တယ်။ အဲဒီနောက် သင်ယူ တတ်မြောက်ထားတဲ့ ပညာကို အသုံးချလို့ အသက်မွေးဖို့ ပြင်ဆင်ရပြီပေါ့။ အဲ... ခေတ်စကားနဲ့ ပြောရရင် အဲဒီမှာ စတွေ့တော့တာပါပဲ။ သူဘယ်လိုပဲ အားထုတ်ပြီး ဘယ်လောက်ကောင်းတဲ့ ကားတွေ ရေးရေး.. လူတွေက အပြစ်ရှာ ဝေဖန်ကြသတဲ့။

အလကားပါကွာ... ဆရာကြီးတပည့် ဆိုပြီး၊ ဆရာကြီး ခြေဖျားတောင် မမှီဘူး... ဘာဖြစ်တယ်၊ ညာဖြစ်တယ်.. စသဖြင့် စသဖြင့် အမျိုးမျိုးအဖုံဖုံ ကောမန့် အစုံစုံပေါ့။

လူငယ်လေးလည်း တစ်နေ့တစ်နေ့ ကြားရတဲ့ ဝေဖန်းစကားတွေကြောင့် စိတ်ပျက်အားငယ်လာပြီး ဆရာကြီးဆီ အပြေးသွား၊ ဆရာကြီး တပည့်တော့ ဒီလို၊ ဒီလို ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ အကြိုးအကြောင်း တင်ပြ လေတော့ ဆရာကြီးက ပြုံးသတဲ့။ ပြီးတော့မှ ကဲ.... ဒါဆိုဒီလိုလုပ်ကွာ ဆိုပြီး အကြံပေးကာ ပြန်လွှတ်လိုက်သတဲ့။

လူငယ်လေးလည်း ပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဆရာကြီး မှာတဲ့အတိုင်း ပန်းချီကားတစ်ချပ်ကို အပြင်မှာချိတ်လို့ စုတ်တံနှင့် ဆေးခွက်ပါ ချထားပေးပြီး မှားတဲ့နေရာရှိက စုတ်ချက်တို့ခဲ့ပါ လို့ ဆိုင်းဘုတ်လေး ထောင်ထားလိုက်ပါတယ်။ ညနေမှောင်လို့ ပန်းချီကား ပြန်သိမ်းဖို့ သွားကြည့်တော့ လူငယ်လေး စိတ်ဓါတ် အကြီးအကျယ် ကျသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်းချီကားတစ်ချပ်လုံး စုတ်ချက်တွေ ပွနေလိုက်တာ ရစရာကို မရှိတော့ပါဘူး။

အဲဒီနောက် ဆရာကြီးဆီ အပြေးသွား အကြိုးအကြောင်းကို တင်ပြတဲ့အခါ ကဲဒီတစ်ခါ အခုလိုပဲ ပန်ချီကားကို အပြင်မှာ ထောင်ထား၊ ဆိုင်းဘုတ်လေးကိုတော့ မှားသည့်နေရာ ပြင်ပေးပါ ဆိုပြီး ပြောင်းလိုက် လို့မှာကြားပြီး ပြန်လွှတ်လိုက်ပြန်ပါသတဲ့။

ပန်းချီဆရာလေးလည်း ဆရာကြီး မှာတဲ့အတိုင်း လုပ်ဆောင်လိုက်တဲ့ အခါမှာတော့ ဘာမှမယိုယွင်းတဲ့ ပန်းချီကားလေးကို အဲဒီနေ့ညနေမှာ ပြန်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ဆရာကြီးဆီ အကြိုးအကြောင်းကို ၀မ်းသာအားရ ပြန်လည်ပြောပြတဲ့ အခါ ဆရာကြီးက
"အေး.... ငါတပည့် မင်းမြင်တဲ့အတိုင်း လောကမှာ စုတ်ချက်တို့တတ်တဲ့ သူတွေသာများပါတယ်။ ဒါ့ကြောင့် ဘယ်သူတွေ ဘာပြောပြော ကိုယ့်အလုပ်ကိုသာ ၀ီရိယထားပြီး ဇွဲရှိရှိနဲ့ ကြိုးစားပါလို့ ဆရာမှာလိုက်ပါတယ်"
လို့သြ၀ါဒပေး ပြန်လွှတ်လိုက်ပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1