သွားခဲ့သော ဘုရားဖူးခရီး (၃)

မနေ့ကအကြောင်းလေး ဆက်ရေးလိုက်ဦးမယ်ဗျာ။ ခရီးပမ်းလို့ အိပ်ပျော်သွားပေမယ့် ထုံးစံအတိုင်း မီးကမလာလေတော့ အခန်းထဲလှောင်အိုက် လာပြီး နိုးလာပါလေရော။ အဲဒါနဲ့ အိပ်ရာထ ရေချိုးပြီး မနက်လေးနာရီထိုးတော့ အတူပါလာတဲ့ ဆရာမတွေက စွယ်တော်လေးဆူကို မွန်းမတည့်မီ ဆွမ်းကပ်ကြမယ် ဆိုတာနဲ့ ၊ ဗူးဘုရား ကမ်းခြေကနေ စက်လှေဆီးပြီး ဧရာဝတီမြစ်ကို ကူးခဲ့ပါတယ်။ အဲဒီနောက် တန့်ကြည့်တောင် တောင်ခြေကနေ ကားငှားပြီး တောင်ပေါ်ကိုတက်ခဲ့ပါတယ်။

ဧရာဝတီကမ်းခြေက ဗူး ဘုရား
(Bu Pahyar at Ayeyarwaddy river Bank)


စွယ်တော်လေးဆူ ဆိုတာက တန့်ကြည့်တောင်စေတီ၊ လောကနန္ဒာစေတီ၊ တုရင်တောင်စေတီနဲ့ ရွှေဆည်းခုံ စေတီတို့ပဲ ဖြစ်ပါတယ်။ ဒေသခံတို့ရဲ့ ပြောပြချက်အရ စွယ်တော်လေးဆူကို နေ့မကူးခင် ဆွမ်းကပ်၊ လှူဖွယ်ဝတ္ထု အစုစုတို့ကိုလည်း အညီအမျှလှူ၊ ပြီးတော့ လိုချင်တဲ့ဆုကို စွယ်တော်လေးဆူစလုံးမှာ ယုံယုံကြည်ကြည် ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့။

တန့်ကြည့်တောင်စေတီ (TantKyiTaung Zedi)

ယုံကြည်မှုဆိုတာ၊ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ။ ဘာမှပြော စရာမရှိပါဘူး။ ဘုရားဖူးတာ ယုံကြည်သဒ္ဒါစိတ်နဲ့ ဖူးမြော်ကြည်ညို တယ်ဆိုရင် ကောင်းမှုကုသိုလ်ဆိုတာ ရတာပဲမဟုတ်လား။ အကျိုးလိုလို့ ညောင်ရေသွန်းတာမျိုး ကတော့ ဘုရားသွားပြီး နားပူနားဆာ ဂျီတိုက်နေသလိုပဲလို့ ကျွန်တော်ကတော့ ထင်မိတယ်။ အဲဒီလို တစ်ခါကပြောမိလို့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော်ကို မင်းက လူ့ခွစာ ပဲတဲ့။ ထားပါတော့ ..။ သူတို့ရဲ့ ယုံကြည်ချက်ကို ကျွန်တော် အပြစ်ဆိုချင်တာ မဟုတ်ပါဘူး။ ကျွန်တော် ခံစားမိတာကို ပြောပြတာပါ။

ဆက်လိုက်ပါဦးမယ်။ အဲဒီစွယ်တော်လေးဆူကို နေ့မကူးခင် ဖူးမြော်ခဲ့တဲ့ အစဉ်အလာကို အနော်ရထာမင်းကြီးက စတင်ခဲ့တာပါတဲ့။ အင်း…. အဲဒီခေတ်ကတော့ အတော်လေးခက်မယ် ထင်ပါရဲ့…။ အခုကတော့ လွယ်သွားပါပြီ။

တန့်ကြည့်တောင်ကနေ ဒီဘက်ကမ်း ပြန်းကူးလာတော့ အုံ့မှိုင်းမှိုင်း ကောင်းကင်ကြီးရဲ့အောက်မှာ တည်ငြိမ်စွာ စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ကြီးကတော့ သန္တရသကို အေးချမ်းစွာ ဖေါ်ကျူးနေသလိုပါပဲ။ စက်လှေပေါ်ကနေ လေပြေညှင်းရဲ့ အရသာကိုခံစားရင်း မြစ်ပြင်ကျယ်ကြီးနဲ့ ပတ်ဝန်းကျင် ရှုခင်းတွေကို ငေးမောကြည့်ရှုခွင့် ရခဲ့တာကတော့ တကယ့်ကို မမေ့နိုင်တဲ့ ရသတစ်ခုပါ....။ မြစ်လယ်ရောက်တော့ ၀မ်းစာအတွက် လှုပ်ရှားနေရတဲ့ ကိုတံငါတို့ရဲ့ ငါးဖမ်းလှေကလေး တွေကိုလည်း ဟိုတစ်စီး ဒီတစ်စီး တွေ့ခဲ့ရပါတယ်။ ငါးကြင်းတွေဆန် ငါးဒန်တွေ သောင်ခြေဦးတဲ့ကာလ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိပါဘူး။ လွမ်းမောစရာကောင်းတဲ့ ရှုမျှော်ခင်း တွေကို စာထဲမှာမဟုတ်ပဲ လက်တွေ့ခံစားခဲ့ရတဲ့ အတွေ့အကြုံကတော့ တကယ့်ကို အမှတ်တရ အတွေ့အကြုံ တစ်ခုလို ဆိုရမှာပါ။ ဒီဘက်ကမ်းဆီ ပြန်ရောက်တော့ ကျွန်တော်တို့အဖွဲ့ ဗူးဘုရားကိုနောက်ခံထားလို့ ဓါတ်ပုံတွေ ရိုက်ကူးကြ ပြန်တယ်။ အဲဒီကမှ တဆင့် အနီးဆုံးဖြစ်တဲ့ လောကနန္ဒာစေတီကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

လောကနန္ဒာစေတီ (LawKaNanda Zedi)

ပြီးတော့ တုရင်တောင်စေတီကို ဖူးမြော်ဖို့ ခရီးဆက်ခဲ့ပြန်ပါတယ်။
တုရင်တောင်စေတီ (TuYinTaung Zedi)

တုရင်တောင်စေတီပေါ်က လှမ်းမျှော် ကြည့်လိုက်ရင် ပုဂံခေတ်က နာမည်ကျော်ကြားလှတဲ့ မြကန်ကို တွေ့မြင်ရပါတယ်။ လှပလွန်းလို့ တာဝတိံသာက နန္ဒာကန်နဲ့တောင် နှိုင်းယှဉ်တင်စားပြီး

မကန်သာ၊
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊
ရေအေးကြည်စွာ
ကန်ပိုင်မာလျှက်၊
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည် ။
ဘုံဝတိံသာ၊
နန္ဒာပေလော
တူစွဟုတ္တာ။

ရယ်လို့ စာဖွဲ့ခဲ့တာကို အမှတ်ရမိပါသေးတယ်။
တုရင်တောင်ခြေရှိ မြကန် (Mya Lake at the base of TuYin Hill)

အခုတွေ့မြင်ရတဲ့ မြကန်ကတော့ ပြန်လည် တူးဖေါ်ထားခဲ့တာပါတဲ့။ ဟိုတုန်းက ဘယ်လောက်လှခဲ့သလဲ မသိခဲ့ပေမယ့် အခုကတော့ ရေအိုင်သာသာပဲ ဆိုတော့ စိတ်ကူးနဲ့ပဲ ပုံဖေါ်ကြည့်ခဲ့ရပါတော့တယ်။ ဒါပေမယ့် ဘုရားပေါ်က ဟိုး............အဝေးဆီကို လှမ်းမျှော်ကြည့်လိုက်ရင် လက်ညှိုးထိုးမလွဲတဲ့ စေတီပုထိုးများ၊ ညို့မှိုင်းမှိုင်းအုပ်ဆိုင်းနေတဲ့ အညာမြေထန်းတောများ၊ စိမ်းလဲ့နေတဲ့ ရေကန်တို့ကတော့ ပနံရတင့်တယ် လှပါတယ်။
တုရင်တောင်ပေါ်က ပြန်ဆင်းလာတော့ စွယ်တော်လေးဆူ ခရီးမှာ နောက်ဆုံးစွယ်တော်ဖြစ်တဲ့ ရွှေဆည်းခုံ စေတီတော်ဆီသို့ ခရီးဆက်ခဲ့ပြန်ပါတယ်။ အနော်ရထာမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း စတဲ့ ပုဂံမင်းအဆက်ဆက် တည်ထားပြုပြင် ကိုးကွယ်ခဲ့ကြတဲ့ ရွှေဆည်းခုံစေတီတော်ကား အလွန်သပ္ပါယ် ကြည်ညို ဖွယ်ပါပဲ။ ညောင်ဦးမြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာတည်ရှိတဲ့ ရွှေဆည်းခုံစေတီမှာတော့ ဘုရားဖူး ဧည့်သည် တွေနဲ့ စည်ကားလှပါတယ်။
ရွှေဆည်းခုံစေတီ (ShweZee Gon Zedi)

အနော်ရထာမင်းကြီးဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် စွယ်တော်ငါးဆူကို ဆင်ဖြူတော်နဲ့ ပင့်ဆောင်ခဲ့ရာမှာ ဆင်ဖြူတော် ဒူးချအနားယူတဲ့ နေရာတိုင်းမှာ စေတီတည်ထား ကိုးကွယ်ခဲ့တယ်လို့ မှတ်သားခဲ့ရပါတယ်။ ပုဂံနယ်မြေမှာတော့ စွယ်တော် လေးဆူသာရှိပြီး ကျန်တဲ့စွယ်တော်တစ်ဆူ ကတော့ မင်းဘူးမြို့မှာ တည်ထား ပါတယ်တဲ့။

စွယ်တော်လေးဆူကို ဖူးမြော်ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့တွေအားလုံး ၀မ်းသာကျေနပ်ပီတိ ဖြစ်ခဲ့ရပြီး လူလည်း တော်တော်လေး ပန်းသွားပါတယ်။ ဗိုက်လည်းဆာလာပါတယ်။ ပါလာတဲ့ ကလေးတွေကတော့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ၀ယ်သူက၀ယ်၊ ဓါတ်ပုံရိုက်သူက ရိုက်နဲ့ အားလုံးပြန်ဆုံတော့ နေ့လည် တစ်နာရီလောက် ရှိပါပြီ။

အဲဒါနဲ့ ပုဂံဒေသမှာ စားလို့ကောင်းလှတယ်လို့ နာမည်ကြီးတဲ့ သရပါတံခါးအနီးက ထမင်းဆိုင်လေးဆီကို ရောက်လာခဲ့ပါတယ်။ ဆိုင်ရဲ့အပြင်အဆင်က မခမ်းနားလှပေမယ့် နာမည်ကျော်တဲ့အတိုင်း တကယ်စားလို့ ကောင်းပါတယ်။ အရသာလည်းကောင်း၊ ဈေးလည်း သက်သာ၊ ဟင်းရံတွေကလည်း စုံလင်လှပါတယ်။ ဘာပြောကောင်းလဲဗျာ။ စာစာနဲ့ စားလိုက်တာ ကိုယ့်ကိုယ်ကို တောင်မသယ်ချင်တော့ဘူး။


သရပါ တံခါး (Sahraba Gate)

စားပြီးသောက်ပြီး အားလုံးလည်း ပင်ပန်းနေကြပြီဆိုတော့ တည်းခိုရာနေရာပြန်လာပြီး မနက်ပိုင်းခရီးစဉ်ကို အဆုံးသတ်ကာ အနားယူခဲ့ပါတော့တယ်။

ဆက်ပါဦးမည်..........။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1